စီမံကိန်းရေးဆွဲရေးဦးစီးဌာန၊ အရာထမ်းများလုပ်ငန်းစွမ်းဆောင်ရည်မြှင့်တင်ရေး မွမ်းမံသင်တန်း အမှတ်စဉ် (၅/၂၀၂၄-၂၀၂၅) သင်တန်းဆင်းပွဲအခမ်းအနားသို့ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး တက်ရောက်လမ်းညွှန်မှာကြား

နေပြည်တော်၊ ဖေဖော်ဝါရီ ၆
    စီမံကိန်းရေးဆွဲရေးဦးစီးဌာန၊ အရာထမ်းများ လုပ်ငန်းစွမ်းဆောင်ရည်မြှင့်တင်ရေး မွမ်းမံ သင်တန်းအမှတ်စဉ်(၅/၂၀၂၄-၂၀၂၅)သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့ ညနေ ၄:၃၀ နာရီတွင် နေပြည်တော် ကောင်စီနယ်မြေရှိ စီမံကိန်းရေးဆွဲရေးဦးစီးဌာန၊ သင်တန်းကျောင်း၌ ကျင်းပရာ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါ်သန်းသန်းလင်း တက်ရောက်၍ လမ်းညွှန် အမှာစကား ပြောကြားပါသည်။
 သင်တန်းဆင်းပွဲသို့ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနအောက်ရှိ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် သက်ဆိုင်ရာ တာဝန်ရှိပုဂ္ဂိုလ်များ တက်ရောက်ပါသည်။
ဒုတိယဝန်ကြီး က ယခုသင်တန်းတွင် ဌာနအတွက် လိုအပ်သည့် ဘာသာရပ်များအပြင် ဌာနနှင့် ဆက်စပ်သည့် ဘာသာရပ်များကိုလည်း သင်ကြားပို့ချပေးခဲ့ကြောင်း၊ သင်တန်းကာလအတွင်း လေ့ကျင့်ခန်းများ၊ Case Study များနှင့် မြို့နယ်များအလိုက် ဖြစ်ပေါ်လျက်ရှိသည့် အခြေအနေများ အပေါ် မူတည်၍ အုပ်စုအလိုက်ဆွေးနွေးခြင်းများ ပြုလုပ်ပေးခဲ့ကြောင်း၊ စာတွေ့သာမက လက်တွေ့ စဉ်းစားရမည့် အခြေအနေများကို စီမံကိန်း အကောင်အထည်ဖော်မှုမှ ရရှိသည့် သင်ခန်းစာများဖြင့် ချိတ်ဆက်၍ လေ့လာသင်ယူခဲ့ကြကြောင်း၊ SDG Goal 4 တွင် ဘဝတစ်သက်တာ သင်ယူနိုင်ရေးအတွက် အခွင့်အလမ်းများဖန်တီးရန် ပါရှိကြောင်း၊ သို့ဖြစ်ရာ ယခုကဲ့သို့ စဉ်ဆက်မပြတ် သင်ယူခြင်းများသည် SDG ရည်မှန်းချက် အကောင်အထည်ဖော်နိုင်ရေးအတွက် အထောက်အကူ ပြုနိုင်မည်ဖြစ်ကြောင်း၊ သင်တန်း မှ သင်ယူရရှိခဲ့သည့် ဘာသာရပ်ဆိုင်ရာ ဗဟုသုတများကို လုပ်ငန်းခွင်တွင် ပြန်လည် အသုံးချနိုင်ရေးအတွက် ဆက်လက်လေ့လာဆည်းပူး၍ မိမိတို့၏ ပင်ကိုယ်အရည်အသွေးများ တိုးတက်စေရန် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ မိမိတို့တာဝန်ယူဆောင်ရွက်နေသည့် လူမှုစီးပွားဆိုင်ရာ ကိန်းဂဏန်းများ စုစည်းပြုစုရာ၌ အချက်အလက်မှန်ကန်မှုရှိစေရေး၊ အချိန်နှင့် တစ်ပြေးညီ ဆောင်ရွက်ပြီးစီးရေးတို့ကို ဂရုပြုစေလိုကြောင်း၊ ထို့ပြင် ဆက်စပ်ဌာနများနှင့် ကောင်းမွန်သည့် ဆက်ဆံရေးနှင့် ပေါင်းစပ် ဆောင် ရွက်မှုရှိရန် လိုအပ်ကြောင်း၊ ဒေသအသီးသီး၏ ဒေသန္တရ စီမံကိန်းများ ရေးဆွဲရာတွင် ပြည်သူကို အကျိုးပြုနိုင်ပြီး လက်တွေ့မြေပြင် အခြေအနေ နှင့်ထင်ဟပ်သည့် စီမံကိန်းများဖြစ်စေရေးကို အလေးထား ဆောင်ရွက်စေလိုကြောင်း၊ နိုင်ငံ့ဝန်ထမ်း များအနေဖြင့် အရည်အချင်းပြည့်ဝပြီး ကိုယ်ကျင့်တရား ကောင်းမွန်သည့် ဝန်ထမ်းကောင်းများ ဖြစ်စေရေးအတွက် ကြိုးပမ်းဆောင်ရွက်သွားကြရန် တိုက်တွန်းလိုကြောင်း စသည်ဖြင့် လမ်းညွှန် မှာကြားပါသည်။
အဆိုပါ သင်တန်းကို ရက်သတ္တပတ် ၃ ပတ်ကြာ ဖွင့်လှစ်ခဲ့ပြီး တိုင်းဒေသကြီး/ ပြည်နယ် (၈)ခုနှင့် နေပြည်တော်စီမံကိန်းဦးစီးရုံးတို့မှ သင်တန်းသား/သူ ၆၀ ဦး တက်ရောက်ကြောင်း သတင်းရရှိပါသည်။