ငွေချေးသက်သေခံလက်မှတ်လုပ်ငန်းကြီးကြပ်ရေးကော်မရှင်ရုံး၏ ဝန်ထမ်းဆန္ဒဖော်ထုတ်ပွဲ (ဒါဘာ)ကျင်းပ

   ငွေချေးသက်သေခံလက်မှတ်လုပ်ငန်းကြီးကြပ်ရေးကော်မရှင်ရုံး၏ လစဉ်ဝန်ထမ်းဆန္ဒဖော်ထုတ်ပွဲ (ဒါဘာ) ကို ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၁၈ ရက်၊ ၁၀:၀၀ နာရီတွင် ကော်မရှင်ရုံးအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

   အခမ်းအနားတွင် ညွှန်ကြားရေးမှူးချုပ်က ယခုကဲ့သို့ဝန်ထမ်းဆန္ဒဖော်ထုတ်ပွဲကျင်းပရခြင်းသည် ဝန်ထမ်းများ၏အခက်အခဲများကို ဖြေရှင်းပေးရန်ဖြစ်ကြောင်း၊ ၂၀၂၄ ခုနှစ်ကုန်ဆုံးတော့မည်ဖြစ်သည့်အတွက် ၂၀၂၅ ခုနှစ်တွင် စိတ်သစ်လူသစ်ဖြင့်လုပ်ငန်းတာဝန်များကို ထမ်းဆောင်ကြရန်လိုအပ်ကြောင်း၊ ထို့ပြင် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်ကုန်ဆုံးတော့မည်ဖြစ်သည့်အတွက် မိမိတို့လုပ်ဆောင်ခဲ့သည့်လုပ်ငန်းများကို ပြန်လည်သုံးသပ်ကာ ကျန်ရှိသည့်လုပ်ငန်းများကို ပြီးစီးအောင်ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ လုပ်ငန်းများကို တိကျမှန်ကန်စွာဆောင်ရွက်သွားကြရန်နှင့် Action Plan များ ရေးဆွဲဆောင်ရွက်သွားရန်လိုကြောင်း၊ လုပ်ငန်းလုပ်ဆောင်ရာတွင်လည်း အချိန်မီပြီးစီးအောင်ဆောင်ရွက်သွားကြရမည်ဖြစ်သကဲ့သို့ ဝန်ထမ်းအချင်းချင်းတစ်ဦးနှင့်တစ်ဦး ရိုင်းပင်းကူညီဖေးမပြီး လက်တွဲလုပ်ဆောင်သွားရမည်ဖြစ်ကြောင်း လမ်းညွှန်ပြောကြားခဲ့ပါသည်။

   ဆက်လက်၍ ဒုတိယညွှန်ကြားရေးမှူးချုပ်က ပွင့်လင်းရာသီရောက်ရှိလာပြီဖြစ်သည့်အတွက် မီးဘေးလုံခြုံရေးကို အထူးဂရုစိုက်ကြရမည်ဖြစ်ကြောင်း၊ ကော်မရှင်ရုံးအနေဖြင့်လည်း မီးဘေးလုံခြုံရေးစီမံချက်ကို ရေးဆွဲပြီးဖြစ်ကြောင်းနှင့် ဝန်ထမ်းများအနေဖြင့် စီမံချက်ပါဆောင်ရွက်ရန်အချက်များကို မိမိတို့အားတာဝန်ချထားသည့်အတိုင်း လိုက်နာဆောင်ရွက်ကြရန်လိုကြောင်းနှင့် ရုံးသန့်ရှင်းရေးကိုလည်း အပတ်စဉ်သောကြာနေ့တိုင်း စုပေါင်းလုပ်ဆောင်ကြရန် ပြောကြားခဲ့ပါသည်။

   ဝန်ထမ်းဆန္ဒဖော်ထုတ်ပွဲ(ဒါဘာ)သို့ ကော်မရှင်ရုံး ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ညွှန်ကြားရေးမှူးများနှင့် အရာထမ်း၊အမှုထမ်း (၅၄) ဦးတက်ရောက်ခဲ့ပြီး အခမ်းအနားကို ၁၁:၀၀ နာရီတွင် ရုပ်သိမ်းခဲ့ပါသည်။