စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ စီမံကိန်းရေးဆွဲရေးဦးစီးဌာန တိုင်းဒေသကြီး/ပြည်နယ်များနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၇ ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် ဌာန၏အစည်းအဝေးခန်းမ၌ Hybrid ပုံစံဖြင့် ကျင်းပပြုလုပ်ခဲ့ရာ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ကဏ္ဍဆိုင်ရာညွှန်ကြားရေးမှူးများ(ရုံးချုပ်)နှင့် တိုင်းဒေသကြီး/ ပြည်နယ် အသီးသီးမှ ညွှန်ကြားရေးမှူးများ တက်ရောက်ကြပါသည်။
အဆိုပါအစည်းအဝေးတွင် ညွှန်ကြားရေးမှူးချုပ်က စီမံကိန်းများရေးဆွဲရာ၌ မြေပြင်တွင် အမှန်တစ်ကယ်ဆောင်ရွက်နိုင်သည့်ကိစ္စရပ်များဖြစ်ရန် လိုအပ်ကြောင်း၊ ကိန်းဂဏန်းအချက်အလက်များစနစ်တကျစုစည်းရန် လိုအပ်ကြောင်း၊ နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်များရှိ သင်တန်းများသို့တက်ရောက်ရာတွင် ပြည်ထောင်စုရာထူးဝန်အဖွဲ့မှထုတ်ပြန်ထားသည့် လမ်းညွှန်ချက်များအတိုင်း လိုက်နာဆောက်ရွက်ရန်ဖြစ်ကြောင်းနှင့် စီမံကိန်းရေးဆွဲရေးဆိုင်ရာကိစ္စရပ်များ၊ ဝန်ထမ်းရေးရာကိစ္စရပ်များနှင့်စပ်လျဉ်း၍ စနစ်တကျဆောင်ရွက်ရန်လိုအပ်ကြောင်း စသည်တို့ကို လမ်းညွှန်မှာကြားခဲ့ပါသည်။
ထို့နောက် တိုင်းဒေသကြီး/ပြည်နယ်စီမံကိန်းဦးစီးရုံးများမှ ညွှန်ကြားရေးမှူးများ၏ တင်ပြချက်များအပေါ် ပြန်လည်ရှင်းလင်းဆွေးနွေးပြီး လိုအပ်သည့်ပေါင်းစပ်ညှိနှိုင်းမှုများနှင့် လမ်းညွှန်မှုများပြုလုပ်ကာ အစည်းအဝေးကို နေ့လည် (၁၂:၃၀) နာရီတွင် ရုပ်သိမ်းခဲ့ပါသည်။