ပြည်ပ ပညာသင်အတွေ့အကြုံရှင်းလင်းပွဲကျင်းပ

      နိုင်ငံ့ဝန်ထမ်းများ အရည်အချင်းပြည့်ဝပြီး ဘာသာရပ်အလိုက်ကျွမ်းကျင်သည့် ဝန်ထမ်းကောင်းများဖြစ်လာစေရေးအတွက် ပြည်ထောင်စုဝန်ကြီးဌာနအသီးသီးမှ နိုင်ငံ့ဝန်ထမ်းများကို ပြည်ပနိုင်ငံများရှိတက္ကသိုလ်များ၌ ဘွဲ့လွန်ပညာရပ်များသင်ကြားနိုင်စေရန် စိစစ်ရွေးချယ်စေလွှတ်လျက်ရှိပါသည်။

      ထိုသို့ ပြည်ပနိုင်ငံများ၌ ပညာသင်သွားရောက်ခဲ့ကြပြီး ပြန်လည်ရောက်ရှိလာသော ဝန်ထမ်းများအနေဖြင့် ၎င်းတို့၏အတွေ့အကြုံများကိုမျှဝေရန် ပညာသင်အတွေ့အကြုံရှင်းလင်းဆွေးနွေးပွဲ အစီအစဉ်ကို ၂၀၂၄ ခုနှစ်၊ ဇွန်လ ၆ ရက်နေ့ မွန်းလွဲ ၁:၃၀ တွင် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ငွေချေးသက်သေခံလက်မှတ်လုပ်ငန်းကြီးကြပ်ရေး ကော်မရှင်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ရာ ငွေချေးသက်သေခံလက်မှတ်လုပ်ငန်းကြီးကြပ်ရေးကော်မရှင်ရုံး ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ညွှန်ကြားရေးမှူးများနှင့် ကော်မရှင်ရုံးမှ အရာထမ်း၊အမှုထမ်းများတက်ရောက်ခဲ့ကြပါသည်။

   အခမ်းအနားတွင် ကော်မရှင်ရုံး ညွှန်ကြားရေးမှူးချုပ် ဦးကြည်ဇင်ထွန်းက ဝန်ကြီးဌာနသည်ဝန်ထမ်းများ၏ လူ့စွမ်းအားအရင်းအမြစ်များမြှင့်တင်ရေးကို ဆောင်ရွက်ပေးနေသကဲ့သို့ ဝန်ထမ်းများဘက်မှလည်း နိုင်ငံ့အကျိုးပြုနိုင်စေရေးဆောင်ရွက်ပေးရန်လိုကြောင်း၊ ဝန်ထမ်းများအနေဖြင့် ပညာဝမ်းစာများကိုအမြဲဖြည့်ဆည်းနေရန်လိုကြောင်း၊ ပြည်ပမှပညာရပ်ဆိုင်ရာဘွဲ့အသီးသီးကိုရရှိရန် လွယ်လွယ်ကူကူနှင့်မရပါကြောင်း၊ မိမိတို့၏အချိန်၊ ငွေကြေးနှင့် လူမှုရေးစသည်များကိုများစွာ ရင်းနှီးမြှုပ်နှံရကြောင်း၊ နိုင်ငံခြားပညာသင်များအနေဖြင့် မိမိတို့၏အတွေ့အကြုံပညာရပ်များကို လက်တွေ့လုပ်ငန်းခွင်နယ်ပယ်တွင် အပြည့်အဝအသုံးချနိုင်ရန်နှင့် အခြားသူများကိုလည်း ပညာရပ်အတွေ့အကြုံများမျှဝေပေးရန်လိုကြောင်း၊ ယခုကဲ့သို့ပြည်ပမှ မဟာဘွဲ့ကိုအောင်မြင်ပြီးမြောက်အောင် တက်ရောက်ခဲ့သည့်အတွက်လည်း ဂုဏ်ယူဝမ်းမြောက်ပါကြောင်း ပြောကြားခဲ့ပါသည်။

      ဆက်လက်၍ အိန္ဒိယနိုင်ငံ၊ Nalanda University တွင် ဖွင့်လှစ်ပို့ချခဲ့သည့် Master of Arts World Literature in English သင်တန်းသို့တက်ရောက်ခဲ့သည့် ဦးစီးအရာရှိ ဒေါ်မေသူသူချော က ၎င်း၏ပညာသင်အတွေ့အကြုံများ၊ ပြုစုခဲ့သည့်စာတမ်းများနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြကာအခမ်းအနားကို မွန်းလွဲ ၃:၃၀ အချိန်တွင် ရုပ်သိမ်းခဲ့ပါသည်။