အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းသုံးသပ်မှု အစီရင်ခံရေးအဖွဲ့၏ (၁/၂၀၂၅) ကြိမ်မြောက် အစည်းအဝေးကျင်းပ

နေပြည်တော်     ဇန်နဝါရီ     ၁၄
အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်း သုံးသပ်မှုအစီရင်ခံရေးအဖွဲ့၏ (၁/၂၀၂၅) ကြိမ်မြောက် အစည်းအဝေးကို ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၁၄ ရက် နံနက်ပိုင်းတွင် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ရုံးအမှတ် (၃၂) အစည်း အဝေးခန်း၌ ကျင်းပပါသည်။
အစည်းအဝေးသို့ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်ရေး လုပ်ငန်းသုံးသပ်မှု အစီရင်ခံရေးအဖွဲ့ ဥက္ကဋ္ဌ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါ်သန်းသန်းလင်းနှင့် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ စက်မှုဝန်ကြီးဌာန၊ အလုပ်သမားဝန်ကြီးဌာန၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်နှင့် မြန်မာနိုင်ငံ လူငယ်စွန့်ဦးတီထွင်လုပ်ငန်းရှင်များအသင်းတို့မှ လုပ်ငန်းသုံးသပ်မှု အစီရင်ခံရေးအဖွဲ့ဝင်များ တက်ရောက်ကြပါသည်။
ရှေးဦးစွာ လုပ်ငန်းသုံးသပ်မှုအစီရင်ခံရေးအဖွဲ့ ဥက္ကဋ္ဌ ဒုတိယဝန်ကြီး ဒေါ်သန်းသန်းလင်း က အဖွင့်အမှာစကား ပြောကြားရာတွင် ယနေ့အစည်းအဝေးသည် ၂၀၂၅ ခုနှစ်၏ ပထမဆုံး အစည်းအဝေးဖြစ်ကြောင်း၊ MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းကော်မတီ အစည်းအဝေးကို (၃) လ တစ်ကြိမ် ကျင်းပလေ့ရှိသဖြင့် အဆိုပါအစည်းအဝေးတွင် မိမိတို့အဖွဲ့၏ လုပ်ငန်းဆောင်ရွက်ချက်များကိုတင်ပြနိုင်ရန်အတွက် မိမိတို့အဖွဲ့ အစည်းအဝေးများကို (၂)လ တစ်ကြိမ်ခန့်  ကျင်းပရခြင်းဖြစ်ကြောင်း၊  မိမိတို့အဖွဲ့၏ TOR (Terms of Reference) အရ MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူဖြစ်စေရန်အတွက် MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး အေဂျင်စီနှင့် MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ရန်ပုံငွေစီမံခန့်ခွဲမှုအဖွဲ့ တို့၏ လုပ်ငန်းဆောင်ရွက်မှုအခြေအနေ အစီရင်ခံစာများနှင့် လုပ်ငန်းအဖွဲ့အလိုက် ပြုစုတင်ပြ လာသည့် အစီရင်ခံစာများကို လုပ်ငန်းကော်မတီသို့ တင်ပြလျက်ရှိပါကြောင်း ပြောကြားပါသည်။
ဆက်လက်၍ ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့်ပြိုင်ပွဲကို ဖေဖော်ဝါရီလအတွင်း  (၅)ရက်တိုင်တိုင် ကျင်းပနိုင်ရေး ဆောင်ရွက်လျက်ရှိပြီး ၎င်းပြပွဲ/ပြိုင်ပွဲတွင် Digital Corner နှင့် Business Matching များလည်း ပါဝင်မည်ဖြစ်ကြောင်း၊  လုပ်ငန်းအဖွဲ့များအနေဖြင့် ပြပွဲ/ပြိုင်ပွဲမှ  မိမိတို့နှင့် သက်ဆိုင်သည့် အချက်အလက်များ ရရှိနိုင်ရေးအပြင် မည်ကဲ့သို့ အကျိုးရှိစွာ အသုံးချ နိုင်မည်ကို  ဆွေးနွေးပေးကြရန် ပြောကြားလိုကြောင်း၊ UMFCCI နှင့် MYEA တို့အနေဖြင့်လည်း မိမိတို့အသင်းများ၏ MSME ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ချက်များ၊ မိမိတို့ အသင်းဝင် MSME လုပ်ငန်းများ၏ လိုအပ်ချက်များ၊ ဆောင်ရွက်ပေးစေလိုသည့် ကိစ္စရပ်များနှင့် ပူးပေါင်းဆောင်ရွက် နိုင်မည့်ကိစ္စရပ်များကို ဆွေးနွေးတင်ပြ ပေးစေလိုကြောင်းနှင့် ယနေ့အစည်းအဝေးသို့ တက် ရောက်လာသူများအနေဖြင့် MSME ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဝိုင်းဝန်းအကြံပြု ဆွေးနွေး ပေးစေလိုကြောင်း ပြောကြားပါသည်။
ထို့နောက် လုပ်ငန်းသုံးသပ်မှုအစီရင်ခံရေးအဖွဲ့ အတွင်းရေးမှူးက လုပ်ငန်းသုံးသပ်မှု အစီရင်ခံရေးအဖွဲ့၏ (၄/၂၀၂၄) ကြိမ်မြောက် အစည်းအဝေး ဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက် ပြီးစီးမှုအခြေအနေများနှင့် လုပ်ငန်းသုံးသပ်မှုအစီရင်ခံရေးအဖွဲ့၏ လုပ်ငန်းဆောင်ရွက်ချက် များအား ရှင်းလင်းတင်ပြပါသည်။ 
ဆက်လက်၍ အထောက်အကူပြုလုပ်ငန်းအဖွဲ့ (၄)ဖွဲ့က အဖွဲ့တစ်ခုချင်းအလိုက် လုပ်ငန်း ဆောင်ရွက်မှု အခြေအနေများ၊ ရှေ့ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များနှင့်စပ်လျဉ်း၍ ဆွေးနွေးတင်ပြကြပါသည်။
ထို့နောက် လုပ်ငန်းသုံးသပ်မှုအစီရင်ခံရေးအဖွဲ့ ဥက္ကဋ္ဌ ဒုတိယဝန်ကြီးက ဗီယက်နမ်နိုင်ငံရှိ MSME ကဏ္ဍတွင် ဆောင်ရွက်နေသည့် အဖွဲ့အစည်းများ၏ လုပ်ငန်းဆောင်ရွက်မှုအခြေအနေကို လေ့လာသုံးသပ်ချက် အစီရင်ခံစာတွင်ပါရှိသည့် မြန်မာနိုင်ငံနှင့် ဗီယက်နမ်နိုင်ငံတို့၏ MSME ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ချက်များအား နှိုင်းယှဉ်လေ့လာချက်တွင် မိမိတို့နှင့်သက်ဆိုင် သည့် အချက်အလက်များအပေါ် ပြင်ဆင်ဖြည့်စွက်၍ ပေးပို့ပေးစေလိုကြောင်း၊ အစီရင်ခံစာများ ပြုစုရာတွင် Data ခိုင်မာမှုရှိရန် လိုအပ်ကြောင်း၊ စီမံကိန်းရေးဆွဲရေးဦးစီးဌာနအနေဖြင့် MSME များ၏ GDP တွင်ပါဝင်မှု၊ ပို့ကုန်တွင်ပါဝင်မှုနှင့် အလုပ်အကိုင်ရရှိမှုတို့ကို တွက်ချက်နိုင်ရန် သက်ဆိုင်ရာဌာနများနှင့် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ၍ ဆောင်ရွက်စေလိုကြောင်းနှင့် အထောက်အကူပြုလုပ်ငန်းအဖွဲ့ (၄)ဖွဲ့အနေဖြင့် ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်အတွင်း ရှေ့ဆက် ဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ်များကို မတ်လပထမအပတ်တွင် ရုံးလုပ်ငန်းအဖွဲ့သို့ ပေးပို့ သွားရန်ဖြစ်ကြောင်း လမ်းညွှန်မှာကြားပါသည်။ 
သတင်းစဉ်                                                                                                                                       
 

,