နေပြည်တော် ၊ ဇန်နဝါရီ ၁၃
အသေးစားငွေရေးကြေးရေးလုပ်ငန်းကြီးကြပ်မှုကော်မတီ (၁/၂၀၂၅) အစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ဦးစွာ ကော်မတီဥက္ကဌ ဒုတိယဝန်ကြီးချုပ်နှင့် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်က မြန်မာနိုင်ငံတွင် ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလအထိ အသေးစား ငွေရေးကြေးရေးလုပ်ငန်း လုပ်ကိုင်ခွင့်ပြုပြီးသည့် ပြည်ပကုမ္ပဏီ ၅၃ခု၊ ပြည်တွင်းကုမ္ပဏီ ၁၁၂ခုနှင့် အစုစပ်ကုမ္ပဏီ ကိုးခု၊ စုစုပေါင်း ၁၇၄ ခုရှိပြီး ယင်းကုမ္ပဏီများမှ တိုင်းဒေသကြီး/ပြည်နယ် ၁၅ခုရှိ မြို့နယ်ပေါင်း ၂၆၃မြို့နယ်၊ ရက်ကွက် ၂၃၀၀ရပ်ကွက်နှင့် ကျေးရွာပေါင်း ၂၇၀၀၆ရွာရှိ အသင်းဝင်ဦးရေ ၃ဒသမ ၂၂၈သန်းသို့ ငွေကျပ် ၂၀၁၁ဒသမ ၀၇၇ သန်း ထုတ်ချေးထားကြောင်း၊ အသေးစားငွေရေးကြေးရေးလုပ်ငန်းကုမ္ပဏီများအနေဖြင့် ဝင်ငွေနည်းပြည်သူများသို့ ငွေကြေးဝန်ဆောင်မှုများဆောင်ရွက်ပေးရာတွင် သတ်မှတ်ထားသည့် ဉပဒေ၊ စည်းမျဉ်းစည်းကမ်းများ၊ လုပ်ထုံးလုပ်နည်းများ၊ ညွှန်ကြားချက်များနှင့်အညီ လိုက်နာဆောင်ရွက်သွားကြရန် လိုအပ်ကြောင်း။
အသေးစားငွေရေးကြေးရေးလုပ်ငန်း ကုမ္ပဏီများအနေဖြင့် ငွေကြေးဝန်ဆောင်မှုများ ဆောင်ရွက်ပေးရာတွင် နိုင်ငံ၏စီးပွားရေးဖွံ့ဖြိုးမှုအတွက် အရေးပါသည့် လယ်ယာစိုက်ပျိုးရေး လုပ်ငန်းများအပြင် MSME လုပ်ငန်းကဏ္ဍများ တိုးတက်စေရေးအတွက်ကိုလည်း ချေးငွေများ ထုတ်ချေးပေးထားကြောင်း၊ ကော်မတီအနေဖြင့် အသေးစား ငွေရေးကြေးရေးလုပ်ငန်းကုမ္ပဏီများအား ကော်ပိုရိတ်အသက်အာမခံကိုယ်စားလှယ် ဆောင်ရွက်ခွင့်ပြုခြင်း၊ Digital Financial Servicesများ အသုံးပြု၍ ချေးငွေပြန်လည်ကောက်ခံခြင်းနှင့် ချေးငွေရယူသူ၏ ငွေစာရင်းသို့ ချေးငွေထုတ်ချေးခြင်းတို့ကို မြန်မာနိုင်ငံတော်ဗဟိုဘဏ်နှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ယနေ့အစည်းအဝေးတွင် နိုင်ငံ၏ လက်ရှိလူမှုစီးပွား ဖြစ်ပေါ်တိုးတက်မှုများနှင့်လိုက်လျောညီထွေသည့် အများဆုံးထုတ်ချေးငွေသတ်မှတ်ချက်နှင့် စုဆောင်းငွေသတ်မှတ်ချက် တိုးမြှင့်ပေးနိုင်ရေးဆွေးနွေး ဆုံးဖြတ်သွားရန်ဖြစ်ကြောင်း၊ အသေးစားငွေရေးကြေးရေးလုပ်ငန်း ကုမ္ပဏီများ၏ လုပ်ငန်းနယ်မြေတိုးချဲ့ခွင့်အား ကော်မတီမှ ပုံမှန်စိစစ်ခွင့်ပြုပေးလျက်ရှိရာ ချေးငွေရယူသည့်အသင်းဝင်များ ကြွေးနွံမနစ်စေရေး၊ အသင်းဝင်များစိစစ်ရေး လုပ်ငန်းစဉ်များကို စနစ် တကျဆောင်ရွက်ထားရှိရန် လိုအပ်ကြောင်းနှင့် လက်ရှိအခြေအနေအရ အသေးစားငွေရေးကြေးရေး လုပ်ငန်းများ၏ လုပ်ငန်းဆောင်ရွက်ရာတွင် တွေ့ကြုံနေရသည့်အခက်အခဲများ၊ လိုအပ်ချက်များကို ဝိုင်းဝန်းဆွေးနွေးအကြံပြုကြရန်ဖြစ်ကြောင်း လမ်းညွှန်မှာကြားသည်။
ဆက်လက်၍ ကော်မတီအတွင်းရေးမှူး ငွေရေးကြေးရေးကြီးကြပ်စစ်ဆေးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က အသေးစားငွေရေးကြေးရေး လုပ်ငန်းကဏ္ဍ၏ လက်ရှိလုပ်ငန်းဆောင်ရွက်မှု၊ အသေးစားငွေရေးကြေးရေးလုပ်ငန်းကုမ္ပဏီ သုံးခု၏ လုပ်ငန်းလိုင်စင်လျှောက်ထားမှု၊ အသေးစားငွေရေးကြေးရေးလုပ်ငန်းကုမ္ပဏီများ၏ အများဆုံးထုတ်ချေးငွေနှင့် အများဆုံး စုဆောင်းငွေပမာဏသတ်မှတ်ချက်များအား တိုးမြှင့်ခွင့်၊ အသေးစားငွေရေးကြေးရေး လုပ်ငန်းကုမ္ပဏီများသို့ချေးငွေများထုတ်ချေးရာတွင် အသင်းဝင်၏ငွေစာရင်းသို့ ဘဏ်စာရင်း မှတစ်ဆင့်ထုတ်ချေးခွင့် တင်ပြခြင်းများအပါအဝင် ကော်မတီက ဆွေးနွေးဆုံးဖြတ်ရန် အချက်များအား ရှင်းလင်းတင်ပြပါသည်။
ဆက်လက်၍ မြန်မာနိုင်ငံအသေးစားငွေရေးကြေးရေးအသင်း ဒုတိယဉက္ကဋ္ဌ ဦးမင်းမင်းဇော်က အသေးစားငွေရေးကြေးရေးလုပ်ငန်းကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အသင်း၏ ဆောင်ရွက်ချက်များ၊ သင်တန်းများဖွင့်လှစ်ပို့ချမှု၊ ဖွံ့ဖြိုးမှုမိတ်ဖက်အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်မှု၊ လုပ်ငန်းဆောင်ရွက်ရာတွင် ကြုံတွေ့ရသည့်အခက်အခဲများနှင့် ကော်မတီမှ ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်မည့်အချက်များကို ရှင်းလင်းတင်ပြရာ ကော်မတီဝင်များက လိုအပ်သည်များ ဖြည့်စွက်ဆွေးနွေး အကြံပြုတင်ပြကြသည်။
ထို့နောက် ကော်မတီဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ် အမှာစကားပြောကြားရာတွင် အသေးစားငွေရေးကြေးရေးကဏ္ဍ ရေရှည်တည်တံ့ဖွံ့ဖြိုးတိုးတက်ရေး၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် MSMEကဏ္ဍများ ဖွံ့ဖြိုးတိုးတက်လာရေးနှင့် ကျေးလက်နေ ပြည်သူများ၏ လူမှုစီးပွားဘဝများဖွံ့ဖြိုးတိုးတက်ရေး ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ယနေ့ အစည်းအဝေးမှ ရှေ့ဆက်လက်ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များကို ဆွေးနွေးဖော်ထုတ်နိုင်ခဲ့ကြောင်း၊ အသေးစားနှင့် အငယ်စား၊ အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်သည့် ချေးငွေများရရှိစေရန် ပြည်တွင်းဘဏ်များသာမက အသေးစားငွေရေးကြေးရေး လုပ်ငန်းကုမ္ပဏီများမှလည်း ပူးပေါင်းပါဝင်ဆောင်ရွက်ကြရန်လိုကြောင်း၊ နည်းပညာဖွံ့ဖြိုးတိုး တက်လာမှုကြောင့် ဒီဂျစ်တယ်ငွေကြေးဝန်ဆောင်မှု ရယူသုံးစွဲရာတွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ စည်းမျဉ်းစည်းကမ်းများနှင့်အညီဆောင်ရွက်ကြရန်လိုကြောင်း၊ အသေးစားငွေရေးကြေးရေးလုပ်ငန်း လုပ်ကိုင်ခွင့်ပြုပြီးသည့် ကုမ္ပဏီများအနေဖြင့် ထုတ်ပြန်ထားသောဥပဒေ၊ လုပ်ထုံးလုပ်နည်းနှင့် ညွှန်ကြားချက်များအား အလေးထားလိုက်နာဆောင်ရွက်ကြရန်လိုကြောင်း လမ်းညွှန်မှာကြားသည်။
အစည်းအဝေးသို့ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမင်းထွဋ်၊ အသေးစားငွေရေးကြေးရေးလုပ်ငန်းကြီးကြပ်မှု ကော်မတီဝင်များ၊ ငွေရေးကြေးရေးကြီးကြပ် စစ်ဆေးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် တိုင်းဒေသကြီး/ပြည်နယ်ဦးစီးမှူးများ၊ မြန်မာနိုင်ငံအသေးစားငွေရေးကြေးရေးအသင်းတို့မှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြပြီး၊ ယခုအစည်းအဝေးတွင် အသေးစားငွေရေးကြေးရေးလုပ်ငန်း လုပ်ကိုင်ခွင့်လိုင်စင်ခွင့်ပြုသည့် ပြည်တွင်း ကုမ္ပဏီ သုံးခု၊ မတည်ငွေရင်းတိုးမြှင့်ခွင့်ပြုသည့်ကုမ္ပဏီ လေးခု၊ ကော်ပိုရိတ်အသက် အာမခံကိုယ်စား လှယ်ခွင့်ပြုမှု သုံးခု၊ နယ်မြေတိုးချဲ့သည့်ကုမ္ပဏီ သုံးခု တို့အား ကော်မတီက ခွင့်ပြုပေးခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်