နေပြည်တော်၊ ဒီဇင်ဘာ ၁၆
စီမံကိန်းရေးဆွဲရေးဦးစီးဌာန၊ ခရိုင်နှင့်မြို့နယ်တာဝန်ခံများ လုပ်ငန်းစွမ်းဆောင်ရည် မြှင့်တင် ရေး မွမ်းမံသင်တန်း (၂/၂၀၂၄-၂၀၂၅) ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၉:၃၀ နာရီတွင် နေပြည်တော်ကောင်စီနယ်မြေရှိ စီမံကိန်းရေးဆွဲရေးဦးစီးဌာန၊ သင်တန်းကျောင်း၌ ကျင်းပရာ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါ်သန်းသန်းလင်း တက်ရောက်၍ လမ်းညွှန် အမှာစကားပြောကြားပါသည်။
သင်တန်းဖွင့်ပွဲသို့ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနအောက်ရှိ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် သက်ဆိုင်ရာ တာဝန်ရှိပုဂ္ဂိုလ်များ တက်ရောက်ပါသည်။
ဒုတိယဝန်ကြီးက သင်တန်းဖွင့်အမှာစကား ပြောကြားရာတွင် တက်ရောက်လာကြသည့် မြို့နယ်နှင့်ခရိုင်တာဝန်ခံများသည် အောက်ခြေမှ စီမံကိန်းရေးဆွဲခြင်း (Bottom-up Planning) အတွက် အဓိကပါဝင်ဆောင်ရွက်နေသူများဖြစ်ပြီး သက်ဆိုင်ရာဒေသ၏ ဖွံ့ဖြိုးတိုးတက်ရေး လိုအပ်ချက်များကို ပိုမိုသိရှိသူများဖြစ်ကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ စီမံကိန်း ရေးဆွဲရေးဦးစီးဌာနများအနေဖြင့် စီမံကိန်းများရေးဆွဲရာတွင် လက်တွေ့ကျသည့်စီမံကိန်းနှင့် ပြည်သူကို အမှန်တကယ် အကျိုးပြုနိုင်သည့် စီမံကိန်းများဖြစ်စေရေး စနစ်တကျ အသေးစိတ် တွက်ချက်ရေးဆွဲရန်လိုကြောင်းကို နိုင်ငံတော်အကြီးအကဲက ညွှန်ကြားထားပြီးဖြစ်သည့်အတွက် ညွှန်ကြားချက်ကိုလိုက်နာ ဆောင်ရွက်ရန်ဖြစ်ကြောင်း၊ ကမ္ဘာ့ဖွံ့ဖြိုးမှုဖြစ်စဉ်များကိုလေ့လာပါက ပညာရပ်ဆိုင်ရာ တိုးတက်မှုများကို အခြေခံပြီး စီးပွားရေးလုပ်ဆောင်မှုများ ပြောင်းလဲနေသည့် အတွက် ဝန်ထမ်းများအနေဖြင့် ခေတ်နှင့်အညီ လိုက်ပါနိုင်သူများဖြစ်စေရေး အစဉ်အမြဲ လေ့လာ သင်ယူကြရန် မှာကြားလိုကြောင်း၊ သင်တန်း၌ ထိရောက်သည့်လေ့လာဆည်းပူးမှုများဖြင့် မိမိတို့ အရည်အသွေးကို ပိုမိုမြှင့်တင်ပြီး သင်ယူရရှိသောသင်ခန်းစာများကို သက်ဆိုင်ရာဒေသများ၌ ပြန်လည်အသုံးချနိုင်ရန်နှင့် ရုံးချုပ်နှင့် တိုင်းဒေသကြီး/ပြည်နယ်များအကြား အတွေ့အကြုံ၊ ဗဟုသုတများ ဖလှယ်သွားကြရန် တိုက်တွန်း လိုကြောင်းစသည်ဖြင့် လမ်းညွှန်မှာကြားပါသည်။
အဆိုပါသင်တန်းကို ရက်သတ္တပတ် ၃ ပတ်ကြာ ဖွင့်လှစ်မည်ဖြစ်ပြီး ခရိုင်နှင့် မြို့နယ် စီမံကိန်း ဦးစီးရုံးများမှ သင်တန်းသား/သူ ၃၀ ဦး တက်ရောက်ကြောင်း သတင်းရရှိပါသည်။
(သတင်းစဉ်)