ရှေ့တန်းရောက် တပ်မတော်သားများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနမှ ဝန်ထမ်းမိသားစုများက စားသောက်ဖွယ်ရာများ ပေးပို့လှူဒါန်း

နေပြည်တော်  ဩဂုတ် ၅

နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို စွန့်လွှတ်စွန့်စားလိုစိတ်ထက်သန် စွာဖြင့် စွမ်းစွမ်းတမံ ထမ်းဆောင်နေကြပြီး၊ ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်များကို ကိုယ်ကျိုးစွန့်၍ ကာကွယ်စောင့်ရှောက်ပေးနေကြသည့် ရှေ့တန်းရောက်တပ်မတော်သားများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနမှ ဝန်ထမ်းမိသားစုများက ငါးနီ တူခြောက်ကြော်နှင့် ဘာလချောင်ကြော် စသည့် စားသောက်ဖွယ်ရာများကို ပေးပို့လှူဒါန်းနိုင်ရန် အတွက် ယမန်နေ့က စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ဝန်ထမ်းမိသားစုများက စာနာမှု၊ စေတနာ၊ မေတ္တာအပြည့်ဖြင့် ဝန်ကြီးဌာန၌ စုပေါင်းချက်ပြုတ်ကြော်လှော်ခဲ့ကြပြီး ထုပ်ပိုး ပြင်ဆင်ဆောင်ရွက်ခဲ့ကြပါသည်။ ထိုသို့ ဝန်ထမ်းမိသားစုများကိုယ်တိုင် စိတ်အားထက်သန်စွာဖြင့် စားသောက်ဖွယ်ရာများ ချက်ပြုတ်ကြော်လှော် ပြင်ဆင်ထုပ်ပိုးနေမှုများကို စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါ်သန်းသန်းလင်းနှင့် ဦးမင်းထွဋ်တို့က လိုက်လံကြည့်ရှု အားပေး ခဲ့ကြပါသည်။

စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနမှဝန်ထမ်းမိသားစုများက ရှေ့တန်းရောက်တပ်မတော် သားများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် စုစုပေါင်းတန်ဖိုး ကျပ် သိန်း ၃၀၀ တန်ဖိုးရှိ ငါးနီတူခြောက် ကြော်ထုပ်  ၁၁၅၀  ၊ ဘာလချောင်ကြော်ထုပ် ၁၀၀၀ ၊ ခေါက်ဆွဲခြောက်ထုပ် ၅၄၀၀ ၊ အမဲသားဘူး ၁၀၀၀ ၊ ငါးသေတ္တာဘူး ၁၀၀၀ ၊ ပဲဘူး ၁၀၆၀၊ ငါးပိထောင်းဘူး ၁၅၂၀ ၊ လက်ဖက်နှင့် အကြော်ထုပ် ၅၀၀၀ နှင့် ငွေသား ကျပ် သိန်း ၁၅၀ တို့ကို နေပြည်တော်တိုင်းစစ်ဌာနချုပ်ရှိ ပေါင်းလောင်းရိပ်သာသို့ ယနေ့တွင် သွားရောက်ပေးပို့လှူဒါန်း ပါသည်။ 

အဆိုပါ ငွေသားနှင့် စားသောက်ဖွယ်ရာများလှူဒါန်းပွဲသို့ ဒုတိယဝန်ကြီးချုပ်နှင့် စီမံကိန်း နှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်၊ ဒုတိယဝန်ကြီး ဒေါ်သန်းသန်းလင်း နှင့် ဦးမင်းထွဋ်နှင့် ဌာနဆိုင်ရာအကြီးအကဲများ တက်ရောက်လှူဒါန်းခဲ့ကြကြောင်း သိရသည်။ 

သတင်းစဉ်