ဒုတိယဝန်ကြီးချုပ်နှင့် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်သည် နေပြည်တော်ကောင်စီ နယ်မြေအတွင်းရှိ စီမံကိန်းရေးဆွဲရေးဦးစီးဌာန၏ သင်တန်းကျောင်းသို့ သွားရောက်စစ်ဆေး

နေပြည်တော် ဇွန် ၁၄
    ဒုတိယဝန်ကြီးချုပ်နှင့် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်သည် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ်တို့နှင့်အတူ ၁၄-၆-၂၀၂၄ ရက်နေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်ကောင်စီ နယ်မြေအတွင်းရှိ စီမံကိန်းရေးဆွဲရေးဦးစီးဌာန၏ သင်တန်းကျောင်းသို့ သွားရောက်စစ်ဆေးသည်။
    ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့ကို စီမံကိန်းရေးဆွဲရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် သင်တန်းတာဝန်ခံညွှန်ကြားရေးမှူးတို့က သင်တန်းကျောင်းမှ ကြိုဆိုကြပါသည်။ ပထမဦးစွာ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးက သင်တန်းကျောင်း ဆောက်လုပ်ထားရှိမှုအခြေအနေ၊ သင်တန်းများဖွင့်လှစ်နေမှုအခြေအနေ၊ သင်တန်းကျောင်းတွင် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနအောက်ရှိ အခြားဦးစီးဌာနများမှ သင်တန်းဖွင့်လှစ် ဆောင်ရွက်နိုင်ရေး ကိစ္စရပ်များနှင့် သင်တန်းကျောင်းအတွက် လိုအပ်သည့် အထောက်အကူပြု ပစ္စည်းများ ဖြည့်တင်းနိုင်ရေး ကိစ္စရပ်များကို လမ်းညွှန်မှာကြားခဲ့ပါသည်။ ထို့နောက် သင်တန်းတက်ရောက်နေသည့် ရုံးချုပ်နှင့် တိုင်းဒေသကြီး ၃ ခုတို့မှ သင်တန်းသား/သူများ၏ သင်တန်းတက်ရောက်မှုအခြေအနေကို ကြည့်ရှု့အားပေးပြီး ဝန်ထမ်းများစွမ်းရည်ထက်မြက်စေရေးအတွက် လေ့ကျင့်သင်ယူရန်နှင့် နိုင်ငံတော်အတွက် စေတနာထား၍ အလုပ်လုပ်ကိုင်စေရန်တို့ကို လမ်းညွှန်မှာကြားခဲ့ပြီး သင်တန်းကျောင်းအား လှည့်လည်ကြည့်ရှု့ခဲ့ပါသည်။

သတင်းစဉ်