မြန်မာနိုင်ငံဆီစက်လုပ်ငန်းများ ဖွံ့ဖြိုးရေးချေးငွေ စီမံခန့်ခွဲမှုလုပ်ငန်းအဖွဲ့ (၆/၂၀၂၃-၂၀၂၄) အစည်းအ‌ဝေးကျင်းပ

နေပြည်တော်၊ ဖေဖော်ဝါရီ ၂၉  
ဆီစက်လုပ်ငန်းများဖွံ့ဖြိုးရေးချေးငွေ စီမံခန့်ခွဲမှုလုပ်ငန်းအဖွဲ့၏ (၆/၂၀၂၃-၂၀၂၄) ကြိမ်မြောက် အစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ပါသည်။
အဆိုပါ အစည်းအဝေးတွင် လုပ်ငန်းအဖွဲ့ ဥက္ကဌ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက အဖွင့်အမှာစကားပြောကြားရာ၌ ဆီစက်လုပ်ငန်းများဖွံ့ဖြိုးရေးချေးငွေကို ပထမအကြိမ် ချေးငွေအဆိုပြုလွှာခေါ်ယူ၍  ချေးငွေထုတ်ချေးထားမှုအခြေအနေနှင့် ဒုတိယအကြိမ် ချေးငွေအဆိုပြုလွှာများ ဆောင်ရွက်ထားရှိမှုအခြေအနေများ၊ ချေးငွေအဆိုပြုလွှာများ ပိုမိုလက်ခံ ဆောင်ရွက်ပေးနိုင်ရေးအတွက် (၁-၉-၂၀၂၃) ရက်နေ့တွင် ကြော်ငြာစာထုတ်ပြန်၍ ဆောင်ရွက်လျက် ရှိသည့်အခြေအနေများနှင့် ဆီစက်လုပ်ငန်းများ ဖွံ့ဖြိုးရေးချေးငွေ ပိုမိုတိုးတက် ထုတ်ချေးရေးအတွက် ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ရန်လိုအပ်သည့်အခြေအနေများကို ပြောကြားပါသည်။ 
ဆက်လက်၍ ဆီစက်လုပ်ငန်းများဖွံ့ဖြိုးရေးချေးငွေ စီမံခန့်ခွဲမှုလုပ်ငန်းအဖွဲ့ အတွင်းရေးမှူး မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် ဦးဆောင်ညွှန်ကြားရေးမှူး ဦးမင်းသူမှ ဆီစက်လုပ်ငန်းများ ဖွံ့ဖြိုးရေး ချေးငွေအဆိုပြုလွှာများ ပိုမိုလက်ခံဆောင်ရွက်ပေးနိုင်ရေးအတွက် ကြော်ငြာစာထုတ်ပြန်ပြီးနောက် လက်ခံရရှိမှု အခြေအနေကိုလည်းကောင်း၊ ဆီစက်လုပ်ငန်းများ ချေးငွေတိုးတက်ထုတ်ချေးနိုင်ရေးအတွက် ဆောင်ရွက်နေမှုအခြေအနေကိုလည်းကောင်း၊  အထောက်အကူပြု အဖွဲ့ခေါင်းဆောင်များက သက်ဆိုင်ရာအဖွဲ့အလိုက် ဆောင်ရွက်နေမှုများကိုလည်းကောင်း၊ Project Management Unit  စီမံကိန်း ဒါရိုက်တာက ချေးငွေအမှုတွဲများ စိစစ်ပြီးစီးမှု အခြေအနေကိုလည်းကောင်း ရှင်းလင်းတင်ပြကြပြီး လုပ်ငန်းအဖွဲ့ဝင်များက ဝိုင်းဝန်းအကြံပြု ဆွေးနွေးကြသည်။
အစည်းအဝေးသို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ စက်မှုဝန်ကြီးဌာန၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနတို့မှ  အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်နှင့် ဦးဆောင်ညွှန်ကြားရေးမှူးများ၊ မြန်မာနိုင်ငံ ကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း (UMFCCI)၊ မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း၊ မြန်မာနိုင်ငံဆီစက်ပိုင်ရှင်များအသင်း၊ မြန်မာနိုင်ငံဘဏ်များအသင်းတို့မှ တာဝန်ရှိသူများ တက်ရောက်ကြကြောင်း သတင်းရရှိပါသည်။


သတင်းစဉ်