စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါ်သန်းသန်းလင်းသည် တပ်ကုန်းမြို့နယ် စီမံကိန်းဦးစီးရုံးနှင့် ဇေယျာသီရိမြို့နယ် စီမံကိန်းဦးစီးရုံးသို့ သွားရောက်စစ်ဆေး

နေပြည်တော် ဖေဖော်ဝါရီ ၁

စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါ်သန်းသန်းလင်းသည် စီမံကိန်းရေးဆွဲ ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်နှင့် ဒုတိယညွှန်ကြားရေးမှူးချုပ်တို့လိုက်ပါပြီး ၁-၂-၂၀၂၄ ရက်၊ နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ တပ်ကုန်းမြို့နယ်စီမံကိန်းဦးစီးရုံးနှင့် ဇေယျာသီရိမြို့နယ် စီမံကိန်းဦးစီးရုံးသို့ သွားရောက်စစ်ဆေးသည်။
ပထမဦးစွာ ဒုတိယဝန်ကြီးသည် တပ်ကုန်းမြို့နယ်စီမံကိန်းဦးစီးရုံးသို့ သွားရောက်ပြီး ရုံးလုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို စစ်ဆေးပါသည်။ ထို့နောက် ဇေယျာသီရိမြို့နယ် စီမံကိန်းဦးစီးရုံးသို့ သွားရောက်၍ ဇေယျာသီရိမြို့နယ် စီမံကိန်းဦးစီးရုံးနှင့် တပ်ကုန်းမြို့နယ် စီမံကိန်းဦးစီးရုံးတို့တွင် တာဝန်ထမ်းဆောင်နေသည့် ဝန်ထမ်းများနှင့်တွေ့ဆုံပြီး ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်၊ အမျိုးသားစီမံကိန်း အကောင်အထည်ဖော်ရာ၌ သက်ဆိုင်ရာ မြို့နယ်အလိုက် မိမိတို့နှင့် သက်ဆိုင်သည့် စီမံကိန်းလုပ်ငန်းများကို စနစ်တကျ သုံးသပ်ဆောင်ရွက်သွားရန်နှင့် စာရင်းဇယားများပြည့်စုံမှန်ကန်ရေးကို အလေးပေးဆောင်ရွက်ရန်၊ လာမည့် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်အတွက် တိုင်းဒေသကြီး/ ပြည်နယ်၊ ခရိုင်၊ မြို့နယ်များ၏ စီမံကိန်းများ ရေးဆွဲဆောင်ရွက်ရာတွင် နိုင်ငံတော်မှ အဓိက ဆောင်ရွက်နေသည့် စိုက်ပျိုးရေးနှင့် မွေးမြူရေး လုပ်ငန်းများကို စီမံကိန်းလျာထားချက်များတွင် စနစ်တကျ ထည့်သွင်းနိုင်ရေးနှင့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများကို အဆင့်ဆင့်ကြီးကြပ်ဆောင်ရွက်သွားရန်၊ နိုင်ငံ့ဘဏ္ဍာငွေဖြင့် အကောင်အထည် ဖော်ဆောင်ရွက်နေသည့် လုပ်ငန်း/ လုပ်ငန်း စီမံကိန်းများအတွက် စနစ်တကျ စိစစ်ဆောင်ရွက် သွားရန်နှင့် နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နည်းဥပဒေများကို သိရှိလိုက်နာဆောင်ရွက်သွားရန်တို့ကို လမ်းညွှန်မှာကြားပြီး ဝန်ထမ်းများ၏ လိုအပ်ချက်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။

သတင်းစဉ်