နေပြည်တော် ၊ နိုဝင်ဘာ ၈
စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်တွင်းအခွန်များဦးစီးဌာန၊ မြို့နယ်အခွန်ဦးစီး ဌာနမှူး လုပ်ငန်းကျွမ်းကျင်မှုသင်တန်း အမှတ်စဉ် (၇၇) သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့၊ နံနက် (၉:၀၀) နာရီတွင် နေပြည်တော်ရှိ ပြည်တွင်းအခွန်များဦးစီးဌာန၊ ရုံးအမှတ် (၄၆) ၌ ကျင်းပသည်။
အခမ်းအနားတွင် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်က အမှာစကားပြောကြားရာ၌ သင်တန်းသား/သင်တန်းသူများအနေဖြင့် ယခုသင်တန်းတွင် ပို့ချပေးမည့် ပြည်တွင်းအခွန်များဦးစီးဌာနက တာဝန်ယူကောက်ခံနေသည့် ကုန်သွယ်လုပ်ငန်းခွန်၊ ဝင်ငွေခွန်၊ တံဆိပ်ခေါင်းခွန်၊ အထူးကုန်စည်ခွန်နှင့် အောင်ဘာလေသိန်းဆုခွန်တို့နှင့်စပ်လျဉ်းသည့် အခွန်ဆိုင်ရာဥပဒေ၊ နည်းဥပဒေနှင့် စည်းမျဉ်းများ၊ လုပ်ထုံးလုပ်နည်းများ၊ စာရင်းကိုင်ပညာ၊ အခွန်ဆိုင်ရာစာရင်းစစ်ဆေးခြင်း၊ သတင်းအချက်အလက်နည်းပညာကို အခြေခံ၍ ခေတ်စနစ်နှင့်အညီ ပြုပြင်ပြောင်းလဲနေသော အခွန်ဆိုင်ရာပြုပြင်ပြောင်းလဲမှုအခြေအနေများ၊ အခွန်ရှောင်တိမ်းမှုများအား သက်ဆိုင်ရာအခွန်ဥပဒေများနှင့်အညီ စုံစမ်းဖော်ထုတ်စည်းကြပ် ကောက်ခံနိုင်သည့်နည်းလမ်းများ စသည့်ဘာသာရပ်များကို စာတွေ့၊ လက်တွေ့ပေါင်းစပ်လေ့လာပြီး မိမိတို့ရရှိလာသည့် အတွေ့အကြုံ၊ ပညာများနှင့်အတူ အခွန်ထမ်းပြည်သူများကို စိတ်ရင်းစေတနာမှန်ဖြင့် ဝန်ဆောင်မှုပေးကြရမည်ဖြစ်ကြောင်း၊ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကကျသည့် ရသင့်ရထိုက်သောအခွန်ငွေများ အပြည့်အဝရရှိရေး ဆောင်ရွက်ကြရာတွင် အခွန်ထမ်းပြည်သူများက အခွန်ဥပဒေများအရ ပေးဆောင်သင့်သည့် အခွန်ငွေများကို တာဝန်သိစွာ ပေးဆောင်လာစေရေးကို အသိပညာပေး စည်းရုံးဆောင်ရွက်သွားကြရန် လိုအပ်ကြောင်း၊ ပြည်တွင်းအခွန်များဦးစီးဌာနကို ပွင့်လင်းမြင်သာမှုရှိသည့်ခေတ်မီသော အခွန်ဌာနတစ်ခုဖြစ်လာစေရန် အဓိကဦးတည်အကောင်အထည်ဖော်နေသဖြင့် ယင်းလုပ်ငန်းစဉ်အောင်မြင်ရေးအတွက် သင်တန်းသား/သင်တန်းသူများအပါအဝင် အခွန်ဝန်ထမ်းများအားလုံးက တက်ညီလက်ညီ အားသွန်ခွန်စိုက် ကြိုးစားဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း စသည်ဖြင့် ပြောကြားခဲ့သည်။ သင်တန်းဖွင့်ပွဲအခမ်းအနားသို့ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးများ ဖြစ်ကြသော ဦးမောင်မောင်ဝင်းနှင့် ဒေါ်သန်းသန်းလင်း၊ ဝန်ကြီးဌာနအောက်ရှိ လုပ်ငန်း၊ အဖွဲ့ အစည်းများ၊ ဦးစီးဌာနများမှ ဦးဆောင်ညွှန်ကြားရေးမှူးများနှင့် ညွန်ကြားရေးမှူးချုပ်များ၊ အဆင့်မြင့်အရာရှိကြီးများ၊ သင်တန်းနည်းပြများ တက်ရောက်ခဲ့ကြပြီး၊ သင်တန်းသို့ သင်တန်း သား/သင်တန်းသူ စုစုပေါင်း (၈၀) ဦးတို့က ရက်သတ္တပတ် (၈) ပတ်ကြာ တက်ရောက်ကြမည်ဖြစ်ကြောင်း သတင်းရရှိသည်။ (သတင်းစဉ်)