ဧရာဝတီတိုင်းဒေသကြီး၊ ဗဟိုစာရင်းအင်းအဖွဲ့ရုံးသစ်နှင့် ဝန်ထမ်းအိမ်ရာဖွင့်ပွဲအခမ်းအနားကျင်းပ

နေပြည်တော်၊ အောက်တိုဘာ  ၂၄
ဧရာဝတီတိုင်းဒေသကြီးအတွင်း အရည်အသွေးပြည့်ဝပြီး မှန်ကန်တိကျသော စာရင်းအင်းအချက်အလက်များရရှိစေရန်၊ စားသုံးသူဈေးဆနှုန်းတွက်ချက်နိုင်ရန်အတွက် ဈေးနှုန်းစာရင်းများ ကောက်ယူရန်၊ အခြေခံစာရင်းအင်း ညွှန်ကိန်းများစုစည်းရရှိရန်၊ သဘာဝဘေးစစ်တမ်းများ ကောက်ယူရန်၊ မွေးဖွားမှုနှင့် သေဆုံးမှုစာရင်းများ စုစည်းနိုင်ရန်နှင့် ဝန်ထမ်းများမိသားစုနှင့် အတူအဆင်ပြေလုံခြုံစိတ်ချစွာဖြင့် လုပ်ငန်းတာဝန်များကို အေးချမ်းစွာဆောင်ရွက်နိုင်စေရေးအတွက် ရည်ရွယ်၍ ဧရာဝတီတိုင်းဒေသကြီး၊ ဗဟိုစာရင်းအင်းအဖွဲ့ရုံးသစ်နှင့် ဝန်ထမ်းအိမ်ရာဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် (၈:၀၀)နာရီတွင် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၌ ကျင်းပခဲ့ရာ ဧရာဝတီတိုင်းဒေသကြီး၊ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါ်သန်းသန်းလင်း၊ ဧရာဝတီတိုင်းဒေသကြီး၊ စီးပွားရေးရာဝန်ကြီး ဦးတင်အေးတို့က တက်ရောက်၍ ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ပါသည်။
ထို့နောက် ဒုတိယဝန်ကြီးသည် ပုသိမ်မြို့ရှိ မြို့တော်ခန်းမ၌ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာန/ လုပ်ငန်း/ အဖွဲ့အစည်းများမှ ဝန်ထမ်းများနှင့်တွေ့ဆုံ၍ သက်ဆိုင်ရာဌာနအသီးသီး၏ လုပ်ငန်းဆောင်ရွက်မှုအခြေအနေများ၊ စီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်နေမှုများ၊ ဘဏ္ဍာငွေသုံးစွဲမှုအခြေအနေများ၊ ဒေသန္တရစီမံကိန်းရေးဆွဲရေး ဆိုင်ရာကိစ္စရပ်များနှင့် ဝန်ထမ်းရေးရာကိစ္စရပ်များကို ပေါင်းစပ်ညှိနှိုင်းပေးခဲ့ပြီး စီမံကိန်းရေးဆွဲရေးဦးစီးဌာန၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်နှင့် ပြည်တွင်းအခွန်များဦးစီးဌာနရုံးများသို့ လှည့်လည်သွားရောက်၍ ဝန်ထမ်းများအား တွေ့ဆုံလမ်းညွှန် မှာကြားခဲ့သည်။
ထို့အပြင် ဒုတိယဝန်ကြီးသည် အောက်တိုဘာလ (၂၂) ရက်တွင် ပဲခူးတိုင်းဒေသကြီးနှင့် (၂၃) ရက်တွင် ရန်ကုန်တိုင်းဒေသကြီးတို့မှ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၏ ဦးစီးဌာန/ လုပ်ငန်း/အဖွဲ့အစည်းများမှ ဝန်ထမ်းများနှင့်လည်း တွေ့ဆုံခဲ့ပြီး လုပ်ငန်းဆိုင်ရာ ကိစ္စရပ်များနှင့်စပ်လျဉ်း၍ လိုအပ်သည်များကို ဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။  (သတင်းစဉ်)
                                      

, ,