မြို့နယ်အခွန်ဦးစီးဌာနမှူး လုပ်ငန်းကျွမ်းကျင်မှုသင်တန်း အမှတ်စဉ် (၈၂) သင်တန်းဖွင့်ပွဲအခမ်းအနား ကျင်းပ

နေပြည်တော် ၊ မေ ၆

စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်တွင်းအခွန်များဦးစီးဌာန၊ မြို့နယ်အခွန်ဦးစီး ဌာနမှူးလုပ်ငန်းကျွမ်းကျင်မှု သင်တန်းအမှတ်စဉ် (၈၂) သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့၊ နံနက် (၉:၀၀) နာရီတွင် နေပြည်တော်ရှိ ပြည်တွင်းအခွန်များဦးစီးဌာန၌ ကျင်းပသည်။

အခမ်းအနားသို့ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါ်သန်းသန်းလင်း၊ ဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာနများမှ ညွန်ကြားရေးမှူးချုပ်၊ အဆင့်မြင့်အရာရှိကြီးများ၊ သင်တန်း နည်းပြများနှင့် သင်တန်းသားသင်တန်းသားများ တက်ရောက်ကြသည်။

အခမ်းအနားတွင် ဒုတိယဝန်ကြီးက ယခုသင်တန်းတွင် အခွန်ဆိုင်ရာဥပဒေ၊ နည်းဥပဒေ နှင့် စည်းမျဉ်းများ၊ လုပ်ထုံးလုပ်နည်းများ၊ ခေတ်စနစ်နှင့်အညီ ပြုပြင်ပြောင်းလဲနေသော အခွန် ဆိုင်ရာပြုပြင်ပြောင်းလဲမှုအခြေအနေများ၊ စာရင်းကိုင်ပညာ၊ အခွန်ဆိုင်ရာ စာရင်းစစ်ဆေးခြင်း၊ ICT နည်းပညာကိုအသုံးပြု၍ အခွန်စည်းကြပ်ကောက်ခံခြင်းဆိုင်ရာကိစ္စရပ်များ၊  လက်တွေ့ လုပ်ငန်းတွင် တွေ့ကြုံရမည့် အခက်အခဲများအား ဖြေရှင်းဆောင်ရွက်နိုင်သည့်နည်းလမ်းများကို လက်တွေ့နှင့်စာတွေ့ ပေါင်းစပ်ပြီး သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း၊ သင်တန်းသားများ အနေဖြင့် လုပ်ငန်းဆောင်ရွက်မှုအရည်အသွေးများ တိုးတက်နေစေရန် မိမိကိုယ်ကို အမြဲလေ့ လာသင်ယူလိုစိတ်၊ တိုးတက်အောင် ကြိုးစားချင်စိတ်များဖြင့် အားထုတ်ကြိုးပမ်းကြစေလို ကြောင်း၊ သင်တန်းကာလအတွင်း မိမိတို့သိရှိလိုသည်များကို သင်တန်းပို့ချသည့်နည်းပြများကို မေးမြန်းခြင်း၊ သင်တန်းသားများအနေဖြင့် သင်တန်းတက်ရောက်နေစဉ်အတွင်း သင်တန်းမှ ပို့ချမှုများကို လေ့လာမှတ်သားရုံသာမက သင်တန်းသားအချင်းချင်း အပြန်အလှန်ဆွေးနွေး ခြင်း၊ အချင်းချင်းပြန်လည်မျှဝေခြင်းများဖြင့် အချိန်ကို အကျိုးရှိစွာအသုံးချကြစေလိုကြောင်း၊ ယခုသင် တန်းတွင်ပို့ချပေးမည့် အခွန်ဆိုင်ရာဘာသာရပ်များကို လေ့လာမှတ်သား၍ နိုင်ငံတော်အတွက် ရသင့်ရထိုက်သည့် အခွန်ငွေများအား အခွန်ဥပဒေများနှင့်အညီ ပြည့်ပြည့်ဝဝကောက်ခံနိုင်ရေး ကြိုးပမ်းဆောင်ရွက်ကြရန်၊ အခွန်ထမ်းပြည်သူများအနေဖြင့် အခွန်ဆိုင်ရာကိစ္စရပ်များ သိရှိနား လည်သဘောပေါက်ပြီး ပေးဆောင်ရမည့်အခွန်ကို လိုလားစွာ ပေးဆောင်လာနိုင်စေရေး အသိ ပညာပေး စည်းရုံးဆောင်ရွက်သွားကြရန်နှင့် “ဝန်ထမ်းကောင်းမှ နိုင်ငံကောင်းမည်” ဟူသော ခံယူချက်ဖြင့် မိမိတာဝန်ယူရသည့် လုပ်ငန်းနယ်ပယ်များတွင် စွမ်းဆောင်ရည် ပြည့်ဝစွာဖြင့် ကြိုးပမ်းဆောင်ရွက်ကြရန် ပြောကြားသည်။ 

ယခုဖွင့်လှစ်သည့် သင်တန်းသို့ ပြည်တွင်းအခွန်များဦးစီးဌာနနှင့် အခွန်အယူခံခုံအဖွဲ့ရုံး တို့မှ အရာထမ်း၊ အမှုထမ်း သင်တန်းသား/သင်တန်းသူ ၈၀ ဦး ပါဝင်တက်ရောက်ကြပြီး သင်တန်းကာလမှာ ရက်သတ္တရှစ်ပတ် ကြာမြင့်မည်ဖြစ်ကြောင်း သိရသည်။               
သတင်းစဉ်