စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း မြန်မာအလိုအလျောက်ကုန်စည်ရှင်းလင်းရေးစနစ် စတင်အသုံးပြုခြင်း အခမ်းအနားသို့ တက်ရောက်

နေပြည်တော်  မတ်  ၂၂

မြန်မာ-ထိုင်းနယ်စပ်ဒေသ၊ တာချီလိတ်မြို့တွင် မြန်မာအလိုအလျောက်ကုန်စည်ရှင်းလင်း ရေးစနစ် (Myanmar Automated Cargo Clearance System-MACCS) စတင်အသုံးပြုခြင်း အခမ်း အနားကို ယနေ့နံနက်ပိုင်းတွင် အမှတ်(၂) မြန်မာ-ထိုင်း ချစ်ကြည်ရေးတံတား၌ ကျင်းပရာ စီမံကိန်း နှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ စီးပွားရေးရာဝန်ကြီး ဦးခွန်သိန်းမောင်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်များ၊ ထိုင်းနိုင်ငံ၊ အကောက်ခွန်ဦးစီးဌာန၊ မယ်ဆိုင်မြို့မှ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသူများ တက်ရောက် ကြသည်။ 

အခမ်းအနားတွင် ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက နယ်စပ်ဖြတ်ကျော်၍  သွင်းကုန်/ပို့ကုန် ကုန်စည်ရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ယခင်က Manual စနစ်ဖြင့်သာ ဆောင်ရွက်ရသည့်အတွက် အချိန်ကြန့်ကြာမှု၊ ကုန်ကျစရိတ်များပြားမှု စသည်တို့ကို ကြုံတွေ့ခဲ့ရပါကြောင်း၊ MACCS စနစ်ကို အသုံးပြုနိုင်ခြင်းဖြင့် အချိန်တိုအတွင်း လုပ်ငန်းပြီးစီးမှု၊ စရိတ်စကသက်သာမှု၊ လူ ကိုယ်တိုင်လာရောက်ရန် မလိုအပ်ဘဲ မိမိနေအိမ်မှပင် ဆောင်ရွက်နိုင်မှုစသည့် အကျိုးကျေးဇူးများကို ခံစားရနိုင်မည်ဖြစ်ပါကြောင်း၊ MACCS စနစ်ကိုကျင့်သုံးဆောင်ရွက်နိုင်ရန် ၂၀၁၃ ခုနှစ်မှစ၍  အကောင် အထည်ဖော်ဆောင်ရွက်ခဲ့ရာ ၂၀၁၆ ခုနှစ်တွင် ရန်ကုန်ဧရိယာ၌ စတင်အသုံးပြုနိုင်ခဲ့ပါကြောင်း၊ ဆက်လက်ပြီး ကုန်သွယ်မှုပမာဏများပြားသည့်နယ်စပ်ဒေသများသို့ တိုးချဲ့အသုံးပြုနိုင်ရေး ဆက်လက်ဆောင်ရွက်ခဲ့ရာ ၂၀၁၈ ခုနှစ်တွင် မြဝတီမြို့၊ ၂၀၂၂ ခုနှစ်တွင် မူဆယ်မြို့နှင့် ချင်းရွှေဟော်မြို့များတွင် တိုးချဲ့အသုံးပြုနိုင်ခဲ့ပါကြောင်း၊ ယနေ့မှစ၍ တာချီလိတ်မြို့တွင် MACCS စနစ်ကို စတင်အသုံးပြုနိုင်ပြီ ဖြစ်သည့်အတွက် ကုန်သွယ်ရေးကဏ္ဍ ပိုမိုဖွံ့ဖြိုးတိုးတက်လာစေမည်ဖြစ်ကြောင်း၊ နိုင်ငံတော်၏စီးပွားရေးဖွံ့ဖြိုးတိုးတက်ရန်အတွက်  ကုန်သွယ်မှုကဏ္ဍသည် အဓိကအရေးကြီးသည့် အခန်းကဏ္ဍမှ ပါဝင်နေပါကြောင်း၊ သို့ဖြစ်ရာ ကုန်သွယ်မှုလုပ်ငန်းများဆောင်ရွက်ရာတွင် ခေတ်မီနည်းပညာများကို အသုံးချပြီး နိုင်ငံတကာစံနှုန်းများနှင့်အညီ ပိုမိုကောင်းမွန်သော ကုန်သွယ်မှုလုပ်ငန်းစဉ်များကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနအနေဖြင့် အစဉ်တစိုက် တွန်းအားပေးဆောင်ရွက်လျက်ရှိပါကြောင်း၊ ကုန်စည်ရှင်းလင်းရေး လုပ်ငန်းစဉ်များဆောင်ရွက်ရာတွင် ယခုကဲ့သို့ အလိုအလျောက်ဆောင်ရွက်နိုင်သောစနစ်များဖြင့် ဆောင်ရွက်နိုင်သည့်အတွက် ကုန်သွယ်မှုကိန်းဂဏန်းအချက်အလက်များကို တိကျမှန်ကန်စွာ ရရှိနိုင်ခြင်း၊ အချိန်ကုန်သက်သာခြင်း၊ ကုန်ကျ စရိတ်သက်သာခြင်း စသည့် အကျိုးကျေးဇူးများ ရရှိစေနိုင်မည်ဖြစ်ကြောင်း၊  ပို့ကုန်သွင်းကုန် လုပ်ငန်းရှင်များနှင့် အကောက်ခွန်ဝန်ထမ်းများအတွက် လုပ်ငန်းများကို ပိုမိုလျင်မြန်ပြီး အဆင်ပြေချောမွေ့စွာ ဆောင်ရွက်နိုင်မည်ဖြစ်ပါကြောင်း၊ ယခု တာချီလိတ်နယ်စပ်ဒေသ၏ ကုန်သွယ်မှုပမာဏမှာ တိုးတက် များပြားလာသည်ကို တွေ့ရပါကြောင်း၊ မြန်မာနိုင်ငံမှပို့ကုန်များ ထိုင်းနိုင်ငံသို့တင်ပို့ရာတွင်လည်းကောင်း၊ ထိုင်းနိုင်ငံမှသွင်းကုန်များ မြန်မာနိုင်ငံသို့ တင်သွင်းရာတွင်လည်းကောင်း MACCS စနစ်ကို အသုံးပြုနိုင်ခြင်းဖြင့် နှစ်နိုင်ငံကုန်သွယ်မှုနှင့် ကုန်စည်စီးဆင်းမှုများ လျင်မြန်သွက်လက်လာမည် ဖြစ် ပါကြောင်း စသည်ဖြင့် ဆွေးနွေးပြောကြားသည်။  

ယင်းနောက် ရှမ်းပြည်နယ်အစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီး ဦးခွန်သိန်းမောင်က နှုတ်ခွန်းဆက်စကားပြောကြားပြီး အကောက်ခွန်ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးတင်ကိုထက်က MACCS စနစ်နှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။ 

ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် “တာချီလိတ်နယ်စပ်ဒေသ၌ MACCS စနစ် စတင် အသုံးပြုခြင်း” အခမ်းအနားကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး MACCS စနစ်ဖြင့် ပို့ကုန်သွင်းကုန်စိစစ် ခြင်းလုပ်ငန်းဆောင်ရွက်နေမှုများအား လှည့်လည်ကြည့်ရှုစစ်ဆေးသည်။

ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ယမန်နေ့၊ နေ့လယ်ပိုင်းတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီးနှင့်အတူ ကျိုင်းလပ်ကုန်သွယ်ရေးစခန်းနေရာအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး စခန်းတာဝန်ခံများ၏ တင်ပြချက်အပေါ် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။ မတ်လ ၂၂ ရက်၊ နေ့လယ် ပိုင်းတွင် တာချီလိတ်မြို့နယ်အကောက်ခွန်ဦးစီးဌာနရုံး၌ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန လက်အောက်ရှိ တာချီလိတ်ခရိုင်/မြို့နယ်ရုံးများတွင်တာဝန်ထမ်းဆောင်နေကြသော အရာထမ်း၊ အမှုထမ်းများအား တွေ့ဆုံ၍ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံ့ဝန်ထမ်းများ၏အခန်းကဏ္ဍကို ရှင်းလင်းဆွေးနွေးပြီး ဝန်ထမ်းများ၏ တင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးကာ  ဝန်ထမ်းများနှင့်အတူ နေ့လယ်စာ အတူတကွ သုံးဆောင်သည်။

ထိုမှတစ်ဆင့် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် အမှတ် (၁) မြန်မာ-ထိုင်း ချစ်ကြည်ရေး တံတားနှင့် မြန်မာ့စီးပွားရေးဘဏ်တို့သို့ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်မှုအခြေအနေများကို ရှင်းလင်းတင်ပြချက်များအပေါ် ဒုတိယဝန်ကြီးက လိုအပ်ချက်များကို ပေါင်းစပ်ညှိနှိုင်း ဖြေရှင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်