နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ စီမံခန့်ခွဲမှုကော်မတီ၏ (၁/၂၀၂၄) ကြိမ်မြောက်အစည်းအဝေး ကျင်းပ

နေပြည်တော် ၊ မတ် ၆

နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ စီမံခန့်ခွဲမှုကော်မတီ၏ (၁/၂၀၂၄) ကြိမ်မြောက်အစည်းအဝေးကို ယနေ့နံနက် (၉:၃၀) နာရီတွင် နေပြည်တော်ရှိ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။ 

အစည်းအဝေးသို့ ကော်မတီဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်နှင့် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်၊ ကော်မတီအဖွဲ့ဝင်များဖြစ်ကြသည့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်၊ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံ၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း၊ အမြဲတမ်းအတွင်းဝန်များနှင့် ဌာနအကြီးအကဲများ တက်ရောက်ကြသည်။ 

အစည်းအဝေးတွင် ကော်မတီဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးချုပ်နှင့် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ပြည်ထောင်စုဝန်ကြီးဌာနများ၊ တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့များနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း/ဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့များသို့ ထုတ်ပေးထားသည့် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့ (၁၄) ခုနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း/ဒေသစီမံ အုပ်ချုပ်ရေးအဖွဲ့(၆) ခုသို့ ၁-၉-၂၀၂၂ ရက်မှစ၍ အတိုးနှုန်းသက်သာသော ချေးငွေများ ထုတ်ချေးပေးခဲ့ပြီး၊ ချေးငွေများရယူခဲ့သည့် ဌာနနှင့်အဖွဲ့အစည်းများက သက်ဆိုင်ရာနှစ်အလိုက် အရင်းနှင့်အတိုးငွေများ ပြန်လည်ပေးဆပ်ခဲ့ကြသည်ကို တွေ့ရှိရကြောင်း။ 

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနမှ ၂၀၂၃-၂၀၂၄ ခုနှစ်၊ နွေစပါးစီမံကိန်းဆောင်ရွက်နိုင်ရေးအတွက် မူလလျာထားဧက (၆) သိန်းအပေါ် တိုင်းဒေသကြီးအစိုးရအဖွဲ့များ၏ အဆိုပြုချက်အရ ဧက (၇.၅၇) သိန်းအား အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ စီမံခန့်ခွဲမှုကော်မတီက ကြိုတင်ခွင့်ပြုပေးခဲ့ပြီးဖြစ်ပါကြောင်း။

နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှချေးငွေများကို လုပ်ထုံးလုပ်နည်းများနှင့်အညီထုတ်ချေး ခြင်းနှင့်ပြန်လည်ကောက်ခံခြင်းများကို ကြပ်မတ်ဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း၊ ရန်ပုံငွေမှထုတ်ပေးထားသည့် အရင်းမပျောက်မတည်ငွေများကို နိုင်ငံ့စီးပွားမြှင့်တင်ရေးအတွက် အကျိုးရှိစွာ စနစ်တကျ အသုံးချနိုင်ရေးအတွက် စဉ်ဆက်မပြတ် ကြိုးပမ်းဆောင်ရွက်ပေးကြစေလို ကြောင်း။

ယခုအစည်းအဝေးတွင် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် လုပ်ငန်းဆောင်ရွက်ရာတွင် တွေ့ကြုံရသည့်အခက်အခဲများကို ဆွေးနွေးညှိနှိုင်းဖြေရှင်းပေးရန်၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ကချင်ပြည်နယ်အစိုးရအဖွဲ့တို့မှ တင်ပြလာကြသော မတည်ရန်ပုံငွေထုတ်ချေးခြင်းဖြင့် ရရှိလာသည့်အတိုးရငွေအား ပြန်လည်ထုတ်ချေးခွင့်ပြုရန်ကိစ္စရပ်များနှင့် ပြန်လည်သုံးစွဲရန်ကိစ္စရပ်များ၊ လတ်တလော နယ်မြေဒေသ အခြေအနေအရ လုပ်ငန်းများရပ်ဆိုင်းသွားသဖြင့် ချေးငွေပြန်လည်ပေးဆပ်ရမည့်ကာလနှင့် အတိုး/အရင်းငွေများကို ဆိုင်းငံ့ထားရန်ကိစ္စရပ်များကို ဘဏ္ဍာရေးလုပ်ထုံးလုပ်နည်းများနှင့်အညီ ဖြစ်စေရေး ဝိုင်းဝန်းဆွေးနွေးပေးကြရန်ဖြစ်ပါကြောင်း ဆွေးနွေးပြောကြားသည်။ 

ထို့နောက် အစည်းအဝေးသို့တက်ရောက်လာကြသည့် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ စီမံခန့်ခွဲမှုကော်မတီဝင်များက နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ နွေစပါး၊ ပဲတီစိမ်းချေးငွေထုတ်
ချေးခဲ့မှုနှင့် ပြန်လည်ကောက်ခံရရှိမှု၊ မိုးစပါးချေးငွေ ထုတ်ချေးပြီးစီးမှု၊ ဆီစက်လုပ်ငန်းဖွံ့ဖြိုးရေး ချေးငွေထုတ်ချေးထားမှု၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့များ၊ ကိုယ်ပိုင်အုပ်ချုပ် ခွင့်ရဒေသများကတင်ပြလာသည့် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ ချေးငွေများထုတ်ချေးရာတွင် တွေ့ကြုံရသည့်အခက်အခဲများနှင့် အားနည်းချက်များကို ဖြေရှင်းဆောင်ရွက်နိုင်ရေးနှင့် ချေးငွေထုတ်ချေးရေးလုပ်ငန်းစဉ်များအား ကြီးကြပ်ဆောင်ရွက်ရေး ဝိုင်းဝန်းအကြံပြုဆွေးနွေးကြရာ ကော်မတီဥက္ကဌက လိုအပ်သည်များအား ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ပြီး နိဂုံးချုပ် အမှာစကား ပြောကြားပြီး အစည်းအဝေးကို ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။ 
သတင်းစဉ်