နေပြည်တော်၊ နိုဝင်ဘာ ၂၂ ရက်
စီမံကိန်းရေးဆွဲရေးဦးစီးဌာန၊ အရာထမ်းများ လုပ်ငန်းစွမ်းဆောင်ရည်မြှင့်တင်ရေးမွမ်းမံသင်တန်း အမှတ်စဉ် (၄/၂၀၂၄-၂၀၂၅) သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့ နံနက် ၉:၃၀နာရီတွင် နေပြည်တော်ကောင်စီနယ်မြေရှိ စီမံကိန်းရေးဆွဲရေးဦးစီးဌာန၊ သင်တန်းကျောင်း၌ ကျင်းပရာ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ဒုတိယဝန်ကြီး ဒေါ်သန်းသန်းလင်း တက်ရောက်၍ လမ်းညွှန်အမှာစကား ပြောကြားပါသည်။
သင်တန်းဆင်းပွဲသို့ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနအောက်ရှိ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် သက်ဆိုင်ရာ တာဝန်ရှိပုဂ္ဂိုလ်များ တက်ရောက်ပါသည်။ ဒုတိယဝန်ကြီး က စီမံကိန်းရေးဆွဲရေးဦးစီးဌာနဝန်ထမ်းများသည် မိမိတို့ ရာထူးအဆင့်အလိုက် ရှိသင့်ရှိထိုက်သည့် အရည်အသွေးပြည့်ဝရန် လိုအပ်ကြောင်း၊ မိမိတို့ ကိုယ်ပိုင်အရည်အသွေး ပြည့်ဝမှသာ ဌာနအကျိုး၊ နိုင်ငံအကျိုးကိုစွမ်းစွမ်းတမံ ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ ဘာသာရပ်ဆိုင်ရာ ယူဆချက်သဘောတရား (Concept)များကို နားလည်သိရှိရန် လိုကြောင်း၊ တိုင်းဒေသကြီး၊ ပြည်နယ်များတွင် တာဝန်ထမ်းဆောင်နေသည့် စီမံကိန်းရေးဆွဲရေးဦးစီးဌာန ဝန်ထမ်းများသည် မိမိတို့ဒေသအသီးသီး၏ မြေပြင်အခြေအနေ၊ လူမှုစီးပွားဖွံ့ဖြိုးမှုအတွက် လိုအပ်ချက်များကို လက်တွေ့ကျကျ ပိုမိုသိရှိကြသူများဖြစ်ကြောင်း၊ နိုင်ငံတော်၏ ဦးစားပေးမူဝါဒများ၊ လုပ်ငန်းများကို ပိုမိုသိရှိ နားလည်မှသာ မိမိဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် မူဝါဒနှင့် စီမံကိန်းပိုင်းကို ချိတ်ဆက်ဆောင်ရွက်မှု အားကောင်းမည်ဖြစ်ပါကြောင်း၊ ယခုသင်တန်းတွင် သင်ယူခဲ့သည့် သင်ခန်းစာများကို စာတွေ့လက်တွေ့ပေါင်းစပ်၍ ပြန်လည်အသုံးချရန်နှင့် ရရှိပြီးဖြစ်သည့် အသိပညာအတတ်ပညာများကို ဆက်လက်တိုးတက်ရန် လေ့လာဆောင်ရွက်သွားရန် လိုအပ်ကြောင်း၊ စိတ်ဓာတ်၊ စည်းကမ်းနှင့် ကိုယ်ကျင့်တရားကောင်းမွန်သည့် ပြည်သူ့ဝန်ထမ်းကောင်းများဖြစ်စေရေးနှင့် လူကောင်းလူတော်များ ဖြစ်စေရေးအတွက် ဆောင်ရွက်သွားကြရန် တိုက်တွန်းလိုကြောင်း စသည်ဖြင့် လမ်းညွှန်မှာကြား ပါသည်။
အဆိုပါသင်တန်းကို ရက်သတ္တပတ် ၃ပတ်ကြာ ဖွင့်လှစ်ခဲ့ပြီး တိုင်းဒေသကြီး/ပြည်နယ် စီမံကိန်း ဦးစီးရုံး ၇ခုမှ သင်တန်းသား/သူ ၆၀ဦး တက်ရောက်ကြောင်း သတင်းရရှိပါသည်။
သတင်းစဉ်