စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်သည် ယနေ့ နံနက် ၉ နာရီတွင် နေပြည်တော်ရှိ မြန်မာ့စီးပွားရေးဘဏ် (ရုံးချုပ်) သို့ သွားရောက်၍ ငွေသွင်း/ ငွေထုတ်ဆောင်ရွက်နေမှုအခြေအနေများ၊ အစိုးရဌာနအဖွဲ့အစည်းများသို့ လစာထုတ်ပေးနေမှု အခြေအနေများနှင့် ဘဏ်လုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေများအား ကြည့်ရှုစစ်ဆေး၍ ဘဏ်မှ ဦးဆောင်ညွှန်ကြားရေးမှူး၊ အထွေထွေမန်နေဂျာများ၊ မန်နေဂျာများနှင့် ဝန်ထမ်းများအား တွေ့ဆုံခဲ့ပါသည်။
၎င်းနောက် ပြည်ထောင်စုဝန်ကြီးသည် တိုင်းဒေသကြီး/ ပြည်နယ်များရှိ မြန်မာ့စီးပွားရေး ဘဏ်မန်နေဂျာများအား Video Conferencing အစီအစဉ်ဖြင့် တွေ့ဆုံ၍ နိုင်ငံအဝန်း အမြို့မြို့ အနယ်နယ်ရှိ မြန်မာ့စီးပွားရေးဘဏ်များတွင် မိဘပြည်သူများအတွက် ဘဏ်လုပ်ငန်းဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်းများအား အဆင်ပြေစွာ ဆောင်ရွက်နိုင်ရေးအတွက် လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ပါသည်။ ပြည်ထောင်စုဝန်ကြီးက လတ်တလောကာလအခြေအနေများအတွင်း အခက်အခဲများကြားမှ ဘဏ်ဝန်ထမ်းများက ပင်စင်လစာများနှင့် ဝန်ထမ်းလစာများကို အဆင်ပြေစွာ အချိန်နှင့်တစ်ပြေးညီ ဖြည့်ဆည်းဆောင်ရွက်ပေးနေမှုများနှင့် ဘဏ်လုပ်ငန်းပုံမှန် ဆောင်ရွက်နေမှုများအတွက် ဝန်ထမ်းများအား ကျေးဇူးတင်ရှိကြောင်းနှင့် ဝန်ထမ်းများအနေဖြင့် မိမိတို့၏တာဝန်များကို နိုင်ငံ့ဝန်ထမ်း ပီသစွာဖြင့် တာဝန်ကျေပွန်စွာ ဆက်လက်ကြိုးပမ်း ဆောင်ရွက်ကြရန် မှာကြားခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်
နေပြည်တော်၊ ဖေဖော်ဝါရီ ၂၆