ငွေချေးသက်သေခံလက်မှတ်လုပ်ငန်း ကြီးကြပ်ရေးကော်မရှင်၏ ကော်မရှင်အဖွဲ့ဝင်အဖြစ် တာဝန်ထမ်းဆောင်မည့် ဦးတင်လှိုင်အား ကြိုဆိုသည့်အခမ်းအနားကို ၂၀၂၅ ခုနှစ်၊ ဇွန်လ ၉ ရက်နေ့ ၁၀:၀၀ နာရီတွင် ကော်မရှင်ရုံးအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
အခမ်းအနားတွင် ကော်မရှင်အတွင်းရေးမှူးက ကော်မရှင်ရုံးအား ဌာန(၄) ခုဖြင့် ဖွဲ့စည်းထားပြီး ရန်ကုန်စတော့အိပ်ချိန်း၊ ငွေချေးသက်သေခံ လက်မှတ်ကုမ္ပဏီ(၆)ခု၊ ရင်းနှီးမြှုပ်နှံမှုအကြံပေးကုမ္ပဏီ(၁)ခု၊ စာရင်းဝင်ကုမ္ပဏီ(၈)ခုနှင့် စာရင်းဝင်အကြိုဈေးကွက် မှတ်ပုံတင်ကုမ္ပဏီ(၁) ခု နှင့် မှတ်ပုံတင်အကြံပေးကုမ္ပဏီ(၄)ခု တို့၏ လုပ်ငန်းဆောင်ရွက်မှုအခြေအနေများအား ကြီးကြပ်ဆောင်ရွက်လျက်ရှိကြောင်း၊ မြန်မာနိုင်ငံ၏ အရင်းအနှီးဈေးကွက် ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် နိုင်ငံတကာအဖွဲ့အစည်းများ၊ ဒေသတွင်းနိုင်ငံများ၊ ASEAN Capital Market Forum-ACMF အဖွဲ့ဝင်နိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း၊ နိုင်ငံတကာတွင်ဆောင်ရွက်နေသည့် လုပ်ငန်းစဉ်များကိုလေ့လာ၍ မိမိတို့နိုင်ငံနှင့်ကိုက်ညီပြီး အကောင်အထည်ဖော်ဆောင်ရွက်နိုင်မည့် လုပ်ငန်းစဉ်များကိုလည်း ပြုစုတည်ဆောက်လျက်ရှိကြောင်း၊ ထို့အပြင် Corporate Bond ထုတ်ဝေနိုင်ရေးအတွက် လိုအပ်သော အမိန့်နှင့်ညွှန်ကြားချက်များ ရေးဆွဲဆောင်ရွက်လျက်ရှိပါကြောင်း၊ ကော်မရှင်အဖွဲ့ဝင် ဦးတင်လှိုင်သည် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးတွင် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်သည့်အတွက် ကော်မရှင်အနေဖြင့် စာရင်းစစ်ဆေးသည့်အပိုင်းအတွက် အထောက်အပံ့များစွာဖြစ်ပါကြောင်း၊ ကော်မရှင်ဥက္ကဋ္ဌလမ်းညွှန်ထားသည့် “ကော်မရှင်ရုံးတွင် Independent Audit Team ဖွဲ့စည်းနိုင်ရေး ပြုစုပျိုးထောင်မွေးမြူသွားရန်”အတွက် အကောင်အထည်ဖော်ရမည်ဖြစ်သောကြောင့် ကော်မရှင်ရုံးဝန်ထမ်းများအား စာရင်းစစ်ပညာ၊ စာရင်းစစ်အတွေ့အကြုံများကို Knowledge Sharing ပြုလုပ်သင်ကြားပေးစေလိုပါကြောင်း ပြောကြားခဲ့ပါသည်။
ဆက်လက်၍ ကော်မရှင်အဖွဲ့ဝင် ဦးတင်လှိုင်မှ ကြိုဆိုမိတ်ဆက်စကားပြောကြားခဲ့ပြီး ဝန်ထမ်းများမှ တစ်ဦးချင်းစီမိတ်ဆက်ကာ အခမ်းအနားကို ၁၀:၃၀ အချိန်တွင် ရုပ်သိမ်းခဲ့ပါသည်။