ဝန်ထမ်းနောင်ရေး ဗဟိုရန်ပုံငွေ အကောင်အထည်ဖော်ရေးကော်မတီ၏ ( ၁/၂၀၂၅ ) ကြိမ်မြောက် အစည်းအဝေး ကျင်းပပြုလုပ်ခဲ့ခြင်း

“ဝန်ထမ်းနောင်ရေးဗဟိုရန်ပုံငွေ အကောင်အထည်ဖော်ရေးကော်မတီ”၏ (၁/၂၀၂၅) ကြိမ်မြောက် အစည်းအဝေးအား စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ရုံးအမှတ်(၃၄)၊ အစည်းအဝေးခန်းမတွင် နေ့လယ်(၂:၀၀)နာရီ၌ ကျင်းပပြုလုပ်ခဲ့ရာ ဝန်ထမ်းနောင်ရေး ဗဟိုရန်ပုံငွေအကောင် အထည်ဖော်ရေးကော်မတီဥက္ကဋ္ဌ၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမင်းထွဋ်နှင့် ကော်မတီဝင်များ ဖြစ်ကြသည့် သက်ဆိုင်ရာဌာနများမှ ဦးဆောင်ညွှန်ကြားရေးမှူးများနှင့် ညွှန်ကြားရေးမှူးချုပ်များ စုံညီစွာ တက်ရောက်ကြသည်။

အစည်းအဝေးတွင် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမင်းထွဋ်က အဖွင့်အမှာ စကားပြောကြားရာ၌ ဝန်ထမ်းနောင်ရေး ဗဟိုရန်ပုံငွေစနစ်သည် ဝန်ထမ်းများအတွက် ရေရှည်ဆောင်ရွက်သွားရမည့်ကိစ္စဖြစ်ကြောင်း၊ ဝန်ထမ်းများ၏ အကျိုးခံစားခွင့်များ ပိုမိုလုံလောက်ပြည့်စုံစေရေးအတွက် ရင်းနှီးမြှုပ်နှံမှုနှင့်ပတ်သက်၍ ကြိုတင်စဉ်းစားထားရှိရန်၊ ရေရှည်တည်တံ့ခိုင်မြဲသော ပင်စင်စနစ်ဖြစ်ပေါ်လာစေရန် ရည်ရွယ်ပြီး ဝန်ထမ်းနောင်ရေး ဗဟိုရန်ပုံငွေစနစ် အကောင်အထည်ဖော်ရေးကို ကော်မတီအနေဖြင့် ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားရမည် ဖြစ်ကြောင်း၊ ထို့ကြောင့် မိမိတို့အနေဖြင့် ယခုအချိန်ထိ ဆောင်ရွက်ထားရှိမှုများအပေါ် အခြေခံ၍ ဆက်လက်ဆောင်ရွက်ရန်ကိစ္စများ၊ ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားသင့်သည့်ကိစ္စများ၊ ရန်ပုံငွေစနစ် ကျင့်သုံးမည့်ပုံစံနှင့် လိုက်လျောညီထွေဖြစ်မည့် ဥပဒေကြမ်းဖြစ်ရေးအတွက် လိုအပ်သည်များ ပြင်ဆင်၊ ဖြည့်စွက်ပြီး ပြန်လည်တင်ပြနိုင်ရေး ဆက်လက်ဆောင်ရွက်သွားကြရန် ဖြစ်ကြောင်း ဆောင်ရွက်သင့်သည့် ကိစ္စရပ်များကို ဆက်လက်ညှိနှိုင်းဆွေးနွေးကြရန် ဖြစ်ကြောင်းစသည်ဖြင့် ပြောကြားခဲ့ပါသည်။

ဆက်လက်၍ ကော်မတီအတွင်းရေးမှူး၊ ပင်စင်ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ဦးရဲညွန့်က ဝန်ထမ်းနောင်ရေး ဗဟိုရန်ပုံငွေစနစ် ထူထောင်ဆောင်ရွက်ရာတွင် နောက်ဆုံးဆောင်ရွက်ထားရှိမှု အခြေအနေများနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြရာ အစည်းအဝေးသို့ တက်ရောက်လာကြသည့် ‌ကော်မတီဝင်များမှ လိုအပ်သည်များ အကြံပြုဆွေးနွေးတင်ပြခဲ့ကြသည်။ အဆိုပါအကြံပြုဆွေးနွေးချက်များအပေါ် ကော်မတီဥက္ကဋ္ဌက သုံးသပ်ဆွေးနွေး၍ နိဂုံးချုပ်အမှာစကားပြောကြားပြီး အစည်းအဝေးကို အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပါသည်။

, , , , , , , , , , , , , , , ,