စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန
ပြည်တွင်းအခွန်များဦးစီးဌာန
INGO/NGO များတွင် တာဝန်ထမ်းဆောင်နေသည့် ဝန်ထမ်းများနှင့်ပတ်သက်၍ လစာဝင်ငွေခွန်ပေးဆောင်ခြင်းဆိုင်ရာ သိမှတ်ဖွယ်
- ၁၉၅၄ ခုနှစ်၊ ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ (အခွင့်အရေးများနှင့် ကင်းလွတ်ခွင့်များ) အက်ဥပဒေ အရ လည်းကောင်း၊ ၁၉၆၁ ခုနှစ်၊ သံတမန်ဆက်ဆံရေးနှင့် စပ်လျဉ်းသည့် ဗီယင်နာ ကွန်ဗင်းရှင်း သဘောတူစာချုပ်အရလည်းကောင်း၊ ၁၉၆၃ ခုနှစ် ကောင်စစ်ဆက်ဆံရေးနှင့် စပ်လျဉ်းသည့် ဗီယင်နာကွန်ဗင်းရှင်း သဘောတူစာချုပ်အရလည်းကောင်း၊ နှစ်နိုင်ငံအပြန်အလှန် လက်မှတ်ရေးထိုးထားသည့် နားလည်မှုစာချွန်လွှာများ၊ စာချုပ်များအရလည်းကောင်း ဝင်ငွေခွန်ကင်းလွတ်ခွင့်မပြုထားပါက INGO/NGO အဖွဲ့အစည်းတွင် ပါဝင်ထမ်းဆောင်နေကြသည့် ၀န်ထမ်းများအနေဖြင့် ရရှိသည့် လစာဝင်ငွေအပေါ် လစာခေါင်းစဉ်ဖြင့် ဝင်ငွေခွန်ပေးဆောင်ရန် တာ၀န်ရှိမည် ဖြစ်ပါသည်။
- ထိုကဲ့သို့သော INGO/NGO အဖွဲ့များမှ လစာငွေ ထုတ်ပေးရန် တာဝန်ရှိသူအနေဖြင့် ဝင်ငွေခွန် ဥပဒေပုဒ်မ ၁၆၊ ပုဒ်မခွဲ (က) အရ လစာငွေထုတ်ပေးချိန်၌ ကျသင့်သောအခွန်ကို တွက်ချက် နုတ်ယူထားခြင်း၊ ဝင်ငွေခွန် စည်းမျဉ်း ၁၄ ၊ စည်းမျဉ်းခွဲ (ခ)နှင့်အညီ နုတ်ယူထားသည့်နေ့မှ ခုနှစ်ရက်အတွင်း သက်ဆိုင်ရာအခွန်ဦးစီးဌာနမှူးရုံး၏ ငွေစာရင်းသို့ ပေးသွင်းခြင်း၊ စည်းမျဉ်းခွဲ (ဂ) နှင့်အညီ နုတ်ယူထားငွေနှင့်စပ်လျဉ်းသည့် အသေးစိတ်အချက်အလက်များကို ပတခ (ဝင)-၁၅ ပုံစံဖြင့် ဖြည့်စွက်၍ နုတ်ယူသည့်နေ့မှ ခုနှစ်ရက်အတွင်း ပေးပို့ခြင်းနှင့် ဝင်ငွေခွန်ဥပဒေပုဒ်မ ၁၈ အရ ဝင်ငွေနှစ်ကုန်ဆုံးပြီး ၃ လအတွင်း လစာဝင်ငွေခွန် ထမ်းဆောင်ထားခြင်းဆိုင်ရာ လစာနှစ်ချုပ်စာရင်းကို ပတခ (ဝင)-၁၆ ပုံစံဖြင့် ဖြည့်စွက်တင်သွင်းခြင်း တို့ကို ဆောင်ရွက်ရန်လိုအပ်ပါသည်။
- အကျုံးဝင်သည့် ဝင်ငွေများ။ မည်သူမဆိုအလုပ်ရှင်ထံမှ မိမိရရှိသည့် သို့မဟုတ် ရရန်ရှိသည့် လစာ၊ လုပ်ခ၊ နှစ်စဉ်ကြေး၊ ဆုကြေး၊ ချီးမြှင့်ငွေ၊ လစာနှင့်လုပ်ခအစား သို့မဟုတ် ယင်းတို့ အပြင် ထပ်ဆောင်းရရှိသည့် အခကြေးငွေ၊ ကော်မရှင်တို့အတွက် လစာခေါင်းစဉ်ဖြင့် အခွန်ထမ်းဆောင်ရမည်ဖြစ်ပါသဖြင့် နှစ်တစ်နှစ်အတွင်းရရှိသည့် လစာဝင်ငွေ၊ ကော်မရှင်ကြေး၊ နှစ်စဉ်ကြေး၊ ပညာရှင်ကြေးတို့ကိုလည်း စုစုပေါင်း လစာဝင်ငွေတွက်ချက်ရာတွင် ထည့်သွင်းတွက်ချက်ရမည် ဖြစ်ပါသည်။
- အကျိုးသက်ရောက်မှု။ ဤသိမှတ်ဖွယ်ပါ ဖော်ပြချက်များသည် တည်ဆဲဝင်ငွေခွန် ဥပဒေနှင့် ၂၀၁၈-၂၀၁၉ ခုနှစ်၊ ပြည်ထောင်စု၏အခွန်အကောက်ဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ လစာဝင်ငွေအတွက် ဖြစ်ပါသည်။
- အခွန်နှုန်း။ အောက်ပါအတိုင်းဖြစ်ပါသည်-
အမှတ်စဉ် | ဝင်ငွေခွန် စည်းကြပ်ရန် ဝင်ငွေအလွှာ | စည်းကြပ်ရန်ဝင်ငွေခွန်နှုန်း | |
မှ | ထိ | ||
ကျပ် | ကျပ် | ||
(က) | ၁ | ၂,၀၀၀,၀၀၀ | ၀ ရာခိုင်နှုန်း |
(ခ) | ၂,၀၀၀,၀၀၁ | ၅,၀၀၀,၀၀၀ | ၅ ရာခိုင်နှုန်း |
(ဂ) |
၅,၀၀၀,၀၀၁ |
၁၀,၀၀၀,၀၀၀ | ၁၀ ရာခိုင်နှုန်း |
(ဃ) | ၁၀,၀၀၀,၀၀၁ | ၂၀,၀၀၀,၀၀၀ | ၁၅ ရာခိုင်နှုန်း |
(င) | ၂၀,၀၀၀,၀၀၁ | ၃၀,၀၀၀,၀၀၀ | ၂၀ ရာခိုင်နှုန်း |
(စ) | ၃၀,၀၀၀,၀၀၁ နှင့်အထက် | ၂၅ ရာခိုင်နှုန်း |
- အခွန်တွက်ချက်ပုံ
နိုင်ငံသားနှင့် နှစ်တစ်နှစ်အတွင်း ရက်ပေါင်း ၁၈၃ ရက်ထက်မနည်း မြန်မာနိုင်ငံအတွင်း နေထိုင်သူ (ပြည်တွင်းနေ) နိုင်ငံခြားသားအတွက် တွက်ချက်မှုနမူနာပုံစံ
၃၀-၄-၂၀၁၈ ရက်နေ့ရှိ ဗဟိုဘဏ်၏ သတ်မှတ်ငွေလဲလှယ်နှုန်း ၁၃၄၀ ကျပ် ဦးလှသည် တစ်နှစ်ရရှိမည့်လစာဝင်ငွေ US $ ၈၄၀၀ ဖြစ်ပါက
(ကျပ်)
တစ်နှစ်စုစုပေါင်းလစာဝင်ငွေ = ၁၁,၂၅၆,၀၀၀
(US $ ၈၄၀၀ x ၁၃၄၀ ကျပ်)
(နုတ်)အခြေခံသက်သာခွင့် = ၂,၂၅၁,၂၀၀
[၁၁,၂၅၆,၀၀၀ x ၂၀%]
အတူနေမိဘအတွက်သက်သာခွင့် = ၂,၀၀၀,၀၀၀
[တစ်ဦး ၁,၀၀၀,၀၀၀စီ x ၂ ဦး]
အိမ်ထောင်ဖက်အတွက်သက်သာခွင့် = ၁,၀၀၀,၀၀၀
သားသမီး ၂ ဦးအတွက်သက်သာခွင့် = ၁,၀၀၀,၀၀၀
[တစ်ဦး ၅၀၀,၀၀၀ စီ x ၂ ဦး]
ဦးလှနှင့် အိမ်ထောင်ဖက် အသက်အာမခံ = ၅၀,၀၀၀
[ဦးလှအတွက်၃၀,၀၀၀+ဇနီး ၂၀,၀၀၀]
ဦးလှအတွက်ထည့်ဝင် လူမှုဖူလုံရေးရန်ပုံငွေ = ၅၀,၀၀၀
(နုတ်) သက်သာခွင့်စုစုပေါင်း = ၆,၃၅၁,၂၀၀
အခွန်စည်းကြပ်ရန်ဝင်ငွေ = ၄,၉၀၄,၈၀၀
အခွန်တွက်ချက်ခြင်း
ကျပ်သိန်း ၂၀ အထိ "၀%" ဖြင့် = ၀
၂,၀၀၀,၀၀၁ မှ ၄,၉၀၄,၈၀၀ အထိ ၂,၉၀၄,၈၀၀ x ၅%ဖြင့် = ၁၄၅,၂၄၀
တစ်နှစ်ကျသင့်အခွန် = ၁၄၅,၂၄၀
တစ်လကျသင့်အခွန် = ၁၂,၁၀၃
နှစ်တစ်နှစ်အတွင်း ရက်ပေါင်း ၁၈၃ ရက်အောက် မြန်မာနိုင်ငံအတွင်း နေထိုင်သော (ပြည်ပနေ) နိုင်ငံခြားသားအတွက် တွက်ချက်မှုနမူနာပုံစံ
Mr. Smart ၏ တစ်နှစ်လစာရရှိငွေ US $ ၈၄၀၀ ဖြစ်ပါက
(မြန်မာနိုင်ငံတွင် ၃ လ နေထိုင်ပါသည်။)
(ကျပ်)
တစ်နှစ်လစာရရှိငွေ = ၁၁,၂၅၆,၀၀၀
(US $ ၈၄၀၀ x ၁၃၄၀ ကျပ်)
အခွန်တွက်ချက်ရန်ဝင်ငွေ = ၁၁,၂၅၆,၀၀၀
အခွန်တွက်ချက်ခြင်း
ကျပ်သိန်း ၂၀ အထိ "၀%" ဖြင့် = ၀
၂,၀၀၀,၀၀၁ မှ ၅,၀၀၀,၀၀၀ အထိ ၃,၀၀၀,၀၀၀ x ၅% ဖြင့် = ၁၅၀,၀၀၀
၅,၀၀၀,၀၀၁ မှ ၁၀,၀၀၀,၀၀၀ အထိ ၅,၀၀၀,၀၀၀ x ၁၀% ဖြင့် = ၅၀၀,၀၀၀
၁၀,၀၀၀,၀၀၁ မှ ၁၁,၂၅၆,၀၀၀ အထိ ၁,၂၅၆,၀၀၀ x ၁၅% ဖြင့် = ၁၈၈,၄၀၀
တစ်နှစ်ကျသင့်အခွန် = ၈၃၈,၄၀၀
တစ်လကျသင့်အခွန် = ၂၇၉,၄၆၆
တစ်လပေးသွင်းရမည့်အခွန် = US $ ၂၀၈.၅၅
- ရှင်းလင်းချက်
- ပြည်ပနေနိုင်ငံခြားသားဖြစ်ပါက ၂၀၁၈-၂၀၁၉ ခုနှစ်၊ ပြည်ထောင်စု၏အခွန်အကောက် ဥပဒေပုဒ်မ ၂၄ အရ သက်သာခွင့်များ နုတ်ပယ်ခွင့်မရှိပါ။
- ပြည်ပနေနိုင်ငံခြားသားဖြစ်ပါက ၂၀၁၈-၂၀၁၉ ခုနှစ်၊ ပြည်ထောင်စု၏ အခွန်အကောက် ဥပဒေပုဒ်မ ၃၀ အရ လစာဝင်ငွေခေါင်းစဉ်အတွက် ရရှိသည့်ငွေကြေးအမျိုးအစားဖြင့် ပေးဆောင်မည်ဖြစ်ပါသည်။
-ဝင်ငွေခွန်ဥပဒေပုဒ်မ ၁၈ အရ လစာနှစ်ချုပ်စာရင်းကို ပေးပို့ချိန်တွင် လစဉ်ငွေလဲလှယ်နှုန်းထား အမှန်ဖြင့် စာရင်းညှိနှိုင်းရမည်ဖြစ်ပါသည်။
- မရှင်းလင်းသည့်အချက်များကို ဆိုင်ရာမြို့နယ်အခွန်ဦးစီးဌာနမှူးရုံး (သို့မဟုတ်) အခွန်ဆိုင်ရာ ဝန်ဆောင်မှုရုံး (နေပြည်တော်) ရုံးအမှတ် ၄၆၊ ပြည်တွင်းအခွန်များဦးစီးဌာန၊ ဖုန်းနံပါတ်- ၀၆၇-၃၄၃၀၅၂၂၊ ၀၆၇-၃၄၃၀၅၃၃ (သို့မဟုတ်) အခွန်ဆိုင်ရာဝန်ဆောင်မှုရုံး (ရန်ကုန်) အမှတ် ၅၉/၆၁၊ မြေညီထပ်၊ ပန်းဆိုးတန်းလမ်း၊ ကျောက်တံတားမြို့နယ်၊ ဖုန်းနံပါတ်- ၀၁-၃၇၈၃၇၀၊ ၀၁-၃၇၈၃၇၂ (သို့မဟုတ်) အခွန်ဆိုင်ရာဝန်ဆောင်မှုရုံး (မန္တလေး) ၆၅ လမ်း၊ ၂၂x၂၃ လမ်းကြား၊ ဖုန်းနံပါတ်- ၀၂-၄၀၃၀၁၉၂ သို့ မေးမြန်းစုံစမ်းနိုင်ပါသည်။
ပြည်တွင်းအခွန်များဦးစီးဌာန