နေပြည်တော် ၊ ဇန်နဝါရီလ ၁၁
စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်တွင်းအခွန်များဦးစီးဌာန၊ မြို့နယ်အခွန်ဦးစီးဌာနမှူး လုပ်ငန်းကျွမ်းကျင်မှုသင်တန်း၊ အမှတ်စဉ် (၈၄) သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့နံနက် (၀၉:၀၀) နာရီက နေပြည်တော်ရှိ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်တွင်းအခွန်များဦးစီးဌာန၌ ကျင်းပသည်။ သင်တန်းဆင်းပွဲအခမ်းအနားသို့ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမင်းထွဋ်၊ ဌာနဆိုင်ရာအကြီးအကဲများ၊ သင်တန်းနည်းပြများနှင့် အရာထမ်း/ အမှုထမ်းများ တက်ရောက်ကြသည်။
အခမ်းအနားတွင် ဒုတိယဝန်ကြီး ဦးမင်းထွဋ်က မြို့နယ်အခွန်ဦးစီးဌာနမှူးများအနေဖြင့် ယခု သင်တန်းတွင် အခွန်ဆိုင်ရာဥပဒေ၊ နည်းဥပဒေနှင့်စည်းမျဉ်းများ၊ လုပ်ထုံးလုပ်နည်းများ၊ သိရှိလိုက်နာ ကျင့်သုံးရမည့် နိုင်ငံ့ဝန်ထမ်းဥပဒေနှင့် နည်းဥပဒေများ၊ ခေတ်စနစ်နှင့်အညီ ပြုပြင်ပြောင်းလဲနေသော အခွန်ဆိုင်ရာပြုပြင်ပြောင်းလဲမှုအခြေအနေများ၊ အခွန်စည်းကြပ်ခြင်းနှင့်ဆက်စပ်နေသော စာရင်းကိုင် ပညာ၊ အခွန်ဆိုင်ရာစာရင်းစစ်ဆေးခြင်း၊ ICT နည်းပညာကို အခြေခံပြီး အခွန်စည်းကြပ်ကောက်ခံခြင်း ဆိုင်ရာကိစ္စရပ်များ၊ လုပ်ငန်းနှင့်ဆက်စပ်နေသော ပင်စင်အမှုတွဲအမျိုးမျိုး တည်ဆောက်ပုံများ၊ ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဆိုင်ရာသိမှတ်စရာများ၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာ သိမှတ် စရာများကို စာတွေ့နှင့်လက်တွေ့ ပေါင်းစပ်ပြီး ရက်သတ္တပတ်(၉)ပတ်ကြာ သင်ကြားပို့ချပေးခဲ့ကြောင်း၊ ဝန်ထမ်းများ၏ အရည်အသွေးနှင့် စွမ်းဆောင်ရည်ပြည့်ဝစေရန်၊ ရုံးလုပ်ငန်းဆိုင်ရာ စီမံခန့်ခွဲမှုအရည် အချင်းများ တိုးတက်မြင့်မားလာစေရန် ရည်ရွယ်၍ ယခုကဲ့သို့ သင်တန်းများကို စဉ်ဆက်မပြတ် ဖွင့်လှစ်ပို့ချပေးနေခြင်းဖြစ်ကြောင်း၊ သင်တန်းသားများအနေဖြင့် မိမိတို့တာဝန်ထမ်းဆောင်ရာ နေရာများသို့ ပြန်လည်ရောက်ရှိကြသည့်အခါ သင်တန်းမှသင်ယူရရှိခဲ့သော အခွန်ကောက်ခံခြင်း ဆိုင်ရာနည်းလမ်းများနှင့် ဆက်စပ်နေသောဗဟုသုတများအား လက်ဆင့်ကမ်း ပြန်လည်မျှဝေပေးပြီး တစ်ဦးနှင့်တစ်ဦး ပေါင်းစပ်လုပ်ကိုင်ဆောင်ရွက်ကြရန် မှာကြားလိုကြောင်း၊ ပြည်သူကို ဗဟိုပြုတဲ့ ကောင်းမွန်တဲ့အုပ်ချုပ်ရေးယန္တရား တည်ဆောက်နိုင်ရေးအတွက် ဝန်ထမ်းများသည် လုပ်ငန်း ကျွမ်းကျင်မှု၊ ကျင့်သုံးရမည့်ဥပဒေ၊ လုပ်ထုံးလုပ်နည်းများကို နားလည်တတ်ကျွမ်းရမည်ဖြစ်ပြီး စံနမူနာပြဝန်ထမ်းကောင်းများဖြစ်စေရေး ကြိုးစားဆောင်ရွက်ကြရန်၊ မိမိသင်ယူရရှိခဲ့သည့် ဘာသာရပ်၊ အတွေ့အကြုံများကို အကျိုးရှိစွာ အသုံးချပြီး နိုင်ငံတော်အတွက် ရသင့်ရထိုက်တဲ့ အခွန်ငွေများကို အလေအလွင့်မရှိစေဘဲ အပြည့်အဝကောက်ခံရရှိရေးတို့အတွက် ကြိုးပမ်းဆောင်ရွက်ကြရန်၊ အခွန်ထမ်း ပြည်သူများက ပေးဆောင်ရမည့်အခွန်ငွေများကို လျော့နည်းလွတ်ကင်းမှုမရှိစေဘဲ ဥပဒေနှင့်အညီ အပြည့်အဝကောက်ခံရရှိအောင် ဆောင်ရွက်ခြင်းဖြင့် တိုင်းပြည်၏ စီးပွားရေး၊ လူမှုရေး၊ ဖွံ့ဖြိုးတိုးတက်မှု များကို အထောက်အကူပြုနိုင်အောင် ဆောင်ရွက်ကြရန်၊ “ဝန်ထမ်းကောင်းမှ နိုင်ငံကောင်းမည်” ဆိုသည့်ဆောင်ပုဒ်နှင့်အညီ နိုင်ငံ့ဝန်ထမ်းများသည် သင်တန်းမှ သင်ကြားပို့ချပေးသည့် ဥပဒေ၊ နည်းဥပဒေ၊ ညွှန်ကြားချက်များနှင့် အတွေ့အကြုံကောင်းများကို မှတ်ယူပြီး လုပ်ငန်းကဏ္ဍများတွင် ထိရောက်စွာ အသုံးချပြီး မလျော့သောဇွဲ၊ လုံ့လ၊ ဝီရိယတို့ဖြင့် ကြိုးစားလေ့လာကြရန်နှင့် ပေးအပ်သည့် တာဝန်များကိုလည်း ကျေပွန်စွာ ထမ်းဆောင်ကြပါရန် တိုက်တွန်းမှာကြားသည်။
ထို့နောက် ဒုတိယဝန်ကြီးက သင်တန်းတွင် ပထမ၊ ဒုတိယနှင့် တတိယဆုရရှိသူများအား ဆုများ ချီးမြှင့်ခဲ့ပြီး၊ သင်တန်းဆင်းအောင်လက်မှတ်များ ပေးအပ်ခဲ့သည်။ သင်တန်းအား ရက်သတ္တပတ်(၉) ပတ်ကြာ ဖွင့်လှစ်ပို့ချခဲ့ပြီး သင်တန်းသို့ ပြည်တွင်းအခွန်များဦးစီးဌာနနှင့် အခွန်အယူခံခုံအဖွဲ့ရုံးတို့မှ သင်တန်းသား/ သင်တန်းသူ စုစုပေါင်း ၆၀ ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။