မြို့နယ်အခွန်ဦးစီးဌာနမှူး လုပ်ငန်းကျွမ်းကျင်မှုသင်တန်း အမှတ်စဉ် (၈၄) သင်တန်းဖွင့်ပွဲအခမ်းအနား ကျင်းပခြင်း

နေပြည်တော် ၊ နိုဝင်ဘာလ ၁၁   

စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်တွင်းအခွန်များဦးစီးဌာန၊ မြို့နယ်အခွန်ဦးစီးဌာနမှူး လုပ်ငန်းကျွမ်းကျင်မှုသင်တန်းအမှတ်စဉ် (၈၄) သင်တန်းဖွင့်ပွဲအခမ်းအနားကို နံနက်(၀၉:၀၀)တွင် နေပြည်တော်ရှိ ပြည်တွင်းအခွန်များဦးစီးဌာန၊ ရုံးအမှတ်(၄၆)၌ကျင်းပရာ အခမ်းအနားသို့ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါ်သန်းသန်းလင်း၊ ဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာနများမှ ညွန်ကြားရေးမှူးချုပ်များ၊ အဆင့်မြင့်အရာရှိကြီးများနှင့် သင်တန်းနည်းပြများ တက်ရောက်ကြသည်။

အခမ်းအနားတွင် ဒုတိယဝန်ကြီး ဒေါ်သန်းသန်းလင်းက သင်တန်းဖွင့်အမှာစကား ပြောကြားရာ၌ ပြည်တွင်းအခွန်များဦးစီးဌာနအနေဖြင့် ဝန်ထမ်းများအား အခွန်ဆိုင်ရာကိစ္စရပ်များတွင် ဥပဒေ၊ နည်း ဥပဒေ၊ စည်းမျဉ်း၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ လုပ်ကိုင်ဆောင်ရွက်နိုင်ရန် အခွန်ဆိုင်ရာလုပ်ငန်း ကျွမ်းကျင်မှုသင်တန်းများ စဉ်ဆက်မပြတ် ဖွင့်လှစ်လျက်ရှိကြောင်း၊  သင်တန်းမှရရှိလာမည့် အသိအမြင်၊ ဗဟုသုတများဖြင့် လက်တွေ့လုပ်ငန်းခွင်တွင် အခွန်စည်းကြပ်ကောက်ခံရေး လုပ်ငန်းတာဝန်များကို ကျေပွန်စွာဆောင်ရွက်နိုင်ကြလိမ့်မည်ဟု ယုံကြည်ကြောင်း၊ ယခုသင်တန်းတွင် အခွန်ဆိုင်ရာဥပဒေ၊ နည်းဥပဒေနှင့်စည်းမျဉ်းများ၊ လုပ်ထုံးလုပ်နည်းများ၊ ခေတ်နှင့်အညီ ပြုပြင်ပြောင်းလဲနေသည့် အခွန် ဆိုင်ရာပြုပြင်ပြောင်းလဲမှုအခြေအနေများ၊ စာရင်းကိုင်ပညာ၊ အခွန်ဆိုင်ရာ စာရင်းစစ်ဆေးခြင်း၊ ICT နည်းပညာကို အသုံးပြု၍ အခွန်စည်းကြပ်ကောက်ခံခြင်းဆိုင်ရာကိစ္စရပ်များ၊ လက်တွေ့လုပ်ငန်းတွင် တွေ့ကြုံရမည့်အခက်အခဲများအား ဖြေရှင်းဆောင်ရွက်နိုင်သည့် နည်းလမ်းများကို လက်တွေ့နှင့် စာတွေ့ပေါင်းစပ်ပြီး သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း၊ အခွန်ဆိုင်ရာဘာသာရပ်များအပြင် နည်းပြများက လုပ်ငန်းဆောင်ရွက်မှုအတွေ့အကြုံများကိုပါ ယှဉ်တွဲပို့ချပေးမည်ဖြစ်၍ သင်တန်းသား များအနေဖြင့် သင်တန်းမှပို့ချမှုများကို စနစ်တကျလေ့လာမှတ်သားရုံမက လုပ်ငန်းခွင်တွင် ပြန်လည် အသုံးချနိုင်ရေးအတွက် သိရှိလိုသည်များ၊ ဆွေးနွေးလိုသည်များကို မေးမြန်းနိုင်မည်ဖြစ်ကြောင်း၊ ပြည်သူကိုဗဟိုပြုသည့် ကောင်းမွန်သော အုပ်ချုပ်ရေးယန္တရားတည်ဆောက်နိုင်ရေးအတွက် ဝန်ထမ်း များသည် တာဝန်ပိုင်းဆိုင်ရာစံနှုန်းများနှင့်အညီ လုပ်ငန်းကျွမ်းကျင်မှု၊ လိုက်နာကျင့်သုံးရမည့်ဥပဒေ၊ လုပ်ထုံးလုပ်နည်းများကို နားလည်တတ်ကျွမ်းပြီး နိုင်ငံ့အကျိုး၊ ပြည်သူ့အကျိုးအတွက် ဆောင်ရွက် နိုင်သည့် စံနမူနာပြ ဝန်ထမ်းကောင်းများဖြစ်စေရန် လိုအပ်မည်ဖြစ်ကြောင်း စသည်တို့ကို လမ်းညွှန်    မှာကြားခဲ့ပါသည်။

ယခုဖွင့်လှစ်သည့် သင်တန်းသို့ ပြည်တွင်းအခွန်များဦးစီးဌာနမှ အရာထမ်း၊ အမှုထမ်း သင်တန်းသား/ သင်တန်းသူ စုစုပေါင်း (၆၀) ဦး ပါဝင်တက်ရောက်ကြပြီး သင်တန်းကာလမှာ ရက်သတ္တပတ် (၉) ပတ် ကြာမြင့်မည်ဖြစ်ကြောင်း သိရသည်။