ရတနာပုံတက္ကသိုလ်၊ စာကြည့်တိုက်နှင့်သုတပညာအထူးပြု ကျောင်းသား၊ ကျောင်းသူများ လာရောက်လေ့လာခြင်း

,

စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ အမျိုးသားမှတ်တမ်းများမော်ကွန်းတိုက်ဦးစီးဌာန (နေပြည်တော်)သို့ ရတနာပုံတက္ကသိုလ်၊ စာကြည့်တိုက်နှင့်သုတပညာအထူးပြု စတုတ္ထနှစ် နှင့် ဒုတိယနှစ် ဂုဏ်ထူးတန်း ကျောင်းသား၊ ကျောင်းသူ (၆၈)ဦးနှင့် ကြီးကြပ်သူ ဆရာ၊ ဆရာမ (၁၀)ဦး၊ စုစုပေါင်း (၇၈)ဦးတို့သည် ၃.၁၀.၂၀၁၈ (ဗုဒ္ဓဟူး)နေ့ ၁၄:၃၀ နာရီမှ ၁၆:၀၀ နာရီအထိ လာရောက် လေ့လာခဲ့ပါသည်။

အဆိုပါ ဆရာ၊ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများအား အမျိုးသားမှတ်တမ်းများမော်ကွန်းတိုက်ဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာဥမ္မာလင်းမှ ဦးစီးဌာန၏ နောက်ခံသမိုင်းကြောင်း၊ ဌာန၏ လုပ်ငန်းတာဝန်များဖြစ်သည့် မော်ကွန်းမှတ်တမ်းများရယူ စုဆောင်းခြင်း၊ ထိန်းသိမ်းခြင်း၊ ပြည်တွင်းပြည်ပသုတေသီများအား ဝန်ဆောင်မှုပေးခြင်းနှင့် ဌာန၏လုပ်ငန်းဆောင်ရွက်မှုများကို ရှင်းလင်းပြောကြားခဲ့ပါသည်။

ထို့နောက် အမျိုးသားမှတ်တမ်းများမော်ကွန်းတိုက်ဦးစီးဌာနရှိ မော်ကွန်းပြခန်း၊ မော်ကွန်း မှတ်တမ်းထိန်းသိမ်းခန်းများ၊ စက္ကူမဟုတ်မှတ်တမ်းထိန်းသိမ်းခန်း၊ နည်းပညာဖြင့် Digitization ဆောင်ရွက်ထိန်းသိမ်းခြင်း၊ ပြုပြင်ထိန်းသိမ်းခြင်းနှင့် သုတေသီစာဖတ်ခန်း တို့ကို လေ့လာကြည့်ရှုကြရာ သက်ဆိုင်ရာဌာန တာဝန်ရှိသူများမှ ရှင်းလင်းပြောကြားခဲ့ပါသည်။