အမျိုးသားမှတ်တမ်းများမော်ကွန်းတိုက်ဦးစီးဌာနသည် ရည်မှန်းချက်တာဝန်တစ်ခုဖြစ်သည့် မှတ်တမ်းများ ရယူစုဆောင်းခြင်းကို စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိရာ ပြည်ထောင်စုဝန်ကြီးဌာနများမှ မှတ်တမ်းများလွှဲပြောင်းရယူရေးနှင့်ပတ်သက်သည့် ညှိနှိုင်းအစည်းအဝေးကို (၂၃-၁-၂၀၂၅) ရက်နေ့ နံနက်(၁၀:၀၀)နာရီတွင် အမျိုးသားမှတ်တမ်းများမော်ကွန်းတိုက်ဦးစီးဌာန(ရုံးချုပ်) အစည်းအဝေးခန်းမ (Bဆောင်)၌ ဒုတိယဝန်ကြီး ဒေါ်သန်းသန်းလင်းက ဦးဆောင်ကျင်းပခဲ့ပါသည်။
အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီးဌာနများမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ အမျိုးသားမှတ်တမ်းများ မော်ကွန်းတိုက်ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ပြီး စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါ်သန်းသန်းလင်းက အမျိုးသားမှတ်တမ်းများမော်ကွန်းတိုက် ဦးစီးဌာနကို နိုင်ငံတော်၏အစဉ်အလာ၊ ယဉ်ကျေးမှုအမွေအနှစ်များ၊ နိုင်ငံအုပ်ချုပ်ရေးနှင့် စီမံခန့်ခွဲရေး ဆိုင်ရာ သမိုင်းအထောက်အထား၊ အချက်အလက်များဖြစ်သည့် မော်ကွန်းဝင်မှတ်တမ်းများကို ရေရှည် တည်တံ့စေရေး စနစ်တကျ စုစည်းထိန်းသိမ်းရန်နှင့် အစိုးရအဖွဲ့အစည်းများ၊ သုတေသီပညာရှင်များ နှင့် အချက်အလက်အထောက်အထား ရယူလိုသူများက မှီငြမ်းကိုးကားနိုင်ရန် ရည်ရွယ်ဖွဲ့စည်း တည်ထောင်ထားရှိပါကြောင်း၊ မှတ်တမ်းများရယူစုဆောင်းခြင်းလုပ်ငန်းသည် နိုင်ငံတော်အတွက် အရေးကြီးပါကြောင်းနှင့် အမျိုးသားမှတ်တမ်းများမော်ကွန်းတိုက်၏ အဓိကလုပ်ငန်းတာဝန်များ ဖြစ်သည့် (၁) မှတ်တမ်း၊မော်ကွန်းများ ရယူစုဆောင်းရန် (Acquisition)၊ (၂) ရေရှည်မပျက်စီးစေရေးထိန်းသိမ်းခြင်းနှင့် စီမံခန့်ခွဲမှုပြုလုပ်ရန် (Preservation and Management)၊ (၃) နိုင်ငံတော် နှင့်အများပြည်သူများ ရည်ညွှန်းကိုးကားအသုံးပြုနိုင်စေရန် (Exploration)တို့ဖြင့် မှတ်တမ်း မော်ကွန်းများကို စနစ်တကျ ထိန်းသိမ်းဆောင်ရွက်ထားပါကြောင်း အဖွင့်အမှာစကား ပြောကြားခဲ့ ပါသည်။
အဆိုပါအစည်းအဝေးတွင် မှတ်တမ်းများရယူရေးနှင့်ပတ်သက်၍ အမျိုးသားမှတ်တမ်းနှင့် မော်ကွန်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်သွားရန်နှင့် ဝန်ကြီးဌာနများအနေဖြင့် အမျိုးသားမှတ်တမ်းများမော်ကွန်းတိုက်ဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက်ချက်ကိုသိရှိပြီး ထာဝစဉ် ထိန်းသိမ်းရန်လိုအပ်မည့် ဌာနမှတ်တမ်းများကို အမျိုးသားမှတ်တမ်းများမော်ကွန်းတိုက်ဦးစီးဌာနသို့ လွှဲပြောင်းပေးခြင်းဖြင့် နောင်တစ်ချိန်တွင် ပြန်လည်ကိုးကားနိုင်ရန်အတွက် ပူးပေါင်းဆောင်ရွက်ပေးနိုင်ရန် ဆွေးနွေးခဲ့ကြပြီး စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါ်သန်းသန်းလင်းက နိဂုံးချုပ်အမှာစကားပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းခဲ့ပါသည်။