စိစစ်ရေးမှူး-၂ ရာထူးတွင် တာဝန်ထမ်းဆောင်မည့် ဝန်ထမ်းသစ်များအတွက် စွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်း ဖွင့်ပွဲအခမ်းအနားကျင်းပခြင်း

စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန

စီမံကိန်းစိစစ်ရေးနှင့်တိုးတက်မှုအစီရင်ခံရေးဦးစီးဌာန

စိစစ်ရေးမှူး-၂ ရာထူးတွင် တာဝန်ထမ်းဆောင်မည့် ဝန်ထမ်းသစ်များအတွက် စွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်း ဖွင့်ပွဲအခမ်းအနားကျင်းပခြင်း

          စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ စီမံကိန်းစိစစ်ရေးနှင့်တိုးတက်မှုအစီရင်ခံရေးဦးစီးဌာနသည် ဌာန၏ လုပ်ငန်းတာဝန်များကို စွမ်းဆောင်ရည်ရှိရှိ ထိရောက်စွာ ဆောင်ရွက်နိုင်ရေး၊ ဌာနရေရှည်တည်တံ့ခိုင်မြဲရေးနှင့် လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဌာနတွင်းဆွေးနွေးပွဲများ၊ သင်တန်းများ ဖွင့်လှစ်ဆောင်ရွက်ပေးလျက်ရှိသည့်အပြင် မျိုးဆက်သစ် ဝန်ထမ်းများကိုလည်း နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နည်းဥပဒေများနှင့်အညီ ပြင်ပပုဂ္ဂိုလ် များကို စိစစ်ရွေးချယ်၍ ခန့်ထား တာဝန်ပေးအပ်လျက်ရှိရာ ၂၀၂၄ ခုနှစ်၊ ဩဂုတ်လတွင် စိစစ်ရေးမှူး-၂ (၁၀) ဦးကို ခန့်အပ်ခဲ့ပါသည်။

          အဆိုပါ အသစ်ခန့်အပ်ခဲ့သည့် စိစစ်ရေးမှူး-၂ ဝန်ထမ်းများအတွက် ဌာနတွင်း စွမ်းဆောင်ရည် မြှင့်တင်ရေးသင်တန်းဖွင့်ပွဲအခမ်းအနားကို ၆-၈-၂၀၂၄ ရက်နေ့ နံနက် (၁၀:၀၀) နာရီတွင် ကျင်းပခဲ့ပြီး ဌာနရှိ သက်ဆိုင်ရာ ဌာနခွဲ၊ ဌာနစု တာဝန်ခံများမှ စီမံကိန်းစိစစ်ရေးနှင့်တိုးတက်မှု အစီရင်ခံရေးဦးစီးဌာန၏ ဆောင်ရွက်နေသော လုပ်ငန်းတာဝန်များ၊ ရုံးလုပ်ငန်းနှင့် ရုံးစာရေးသားနည်း၊ နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နိုင်ငံ့ဝန်ထမ်းနည်းဥပဒေနှင့် ဝန်ထမ်းအဖွဲ့အစည်းအလိုက် သတ်မှတ်ထားသော လုပ်ငန်းခွင်စည်းကမ်းများ၊ အမိန့်နှင့်ညွှန်ကြားချက်များကို (၁၀)ရက်ကြာ သင်ကြားပို့ချသွားမည် ဖြစ်ပါသည်။

          သင်တန်းဖွင့်ပွဲအခမ်းအနားတွင် ညွှန်ကြားရေးမှူးချုပ်နှင့် ဒုတိယညွှန်ကြားရေးမှူးချုပ်တို့မှ အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ဌာနခွဲ၊ ဌာနစု တာဝန်ခံများ၊ သင်တန်းနည်းပြများနှင့် ဝန်ထမ်းသစ် စိစစ်ရေးမှူး-၂ (၁၀) ဦး တက်ရောက်ခဲ့ကြပါသည်။

,