စာရင်းအင်းအချက်အလက်မှန်ကန်ရေးနှင့် အရည်အသွေးပြည့်ဝရေး ဗဟိုကော်မတီ (၁/၂၀၂၄-၂၀၂၅) အစည်းအဝေးကျင်းပ

နေပြည်တော် ၊  ဇန်နဝါရီ ၂၁
စာရင်းအင်းအချက်အလက် မှန်ကန်ရေးနှင့် အရည်အသွေးပြည့်ဝရေး ဗဟိုကော်မတီ အစည်းအဝေး(၁/၂၀၂၄-၂၀၂၅)ကို ယနေ့ မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ စီမံကိန်းနှင့်ဘဏ္ဍာ ရေးဝန်ကြီးဌာန ရုံးအမှတ်(၃၂) အစည်းအဝေးခန်းမ၌ ကျင်းပရာ စာရင်းအင်းအချက်အလက် မှန်ကန်ရေးနှင့် အရည်အသွေးပြည့်ဝရေး ဗဟိုကော်မတီဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်နှင့် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန် တက်ရောက်အမှာစကား ပြောကြား သည်။
အစည်းအဝေးသို့ ဗဟိုကော်မတီအဖွဲ့ဝင် ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စုစာရင်း စစ်ချုပ်၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးများ၊ နေပြည်တော်ကောင်စီဝင်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ကဏ္ဍအလိုက်လုပ်ငန်းအဖွဲ့ဥက္ကဋ္ဌများနှင့်တာဝန်ရှိသူများ တက်ရောက် ကြပြီး တိုင်းဒေသကြီးနှင့်ပြည်နယ် စီးပွားရေးရာဝန်ကြီးများ၊ ရန်ကုန်စီးပွားရေးတက္ကသိုလ် စာရင်းအင်းပညာဌာန ပါမောက္ခ၊ မြန်မာနိုင်ငံစာရင်းအင်းပညာအသင်း ဥက္ကဋ္ဌ တို့က ဗီဒီယို ကွန်ဖရင့်စနစ်ဖြင့် တက်ရောက်ကြသည်။
အစည်းအဝေးတွင် ဗဟိုကော်မတီဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး က နိုင်ငံဖွံ့ဖြိုးတိုးတက်ရန်အတွက် အမျိုးသားစာရင်းအင်းစနစ် ခိုင်မာအားကောင်းရန် အထူးလိုအပ် ကြောင်း၊ အရည်အသွေးပြည့်ဝသော စာရင်းအချက်အလက်များ ရရှိခြင်းဖြင့် ဖွံ့ဖြိုးမှုမူဝါဒများ၊ စီမံကိန်းများ၊ စီးပွားရေးဝန်းကျင်ကောင်းများကို ချမှတ်ဖန်တီးပေးနိုင်မည်ဖြစ်ပြီး အကန့်အသတ် ဖြင့်ရှိနေသည့် အရင်းအမြစ်များကို အကျိုးရှိထိရောက်စွာ အသုံးပြုနိုင်မည်ဖြစ်ကြောင်း၊ 
နိုင်ငံ၏ စီးပွားရေးတွင် လယ်ယာ၊ သားငါး၊ စက်မှု စသည့် ထုတ်လုပ်မှုကဏ္ဍများ၏ စာရင်း များ တိကျမှန်ကန်မှု ရှိရန်လိုအပ်ကြောင်း၊ စိုက်ပျိုးရေးကဏ္ဍတွင် တိုင်းဒေသကြီးနှင့် ပြည်နယ် အလိုက် စိုက်ဧက၊ ရိတ်သိမ်းဧက၊ အထွက်နှုန်း၊ စားသုံးမှု၊ ပြည်ပတင်ပို့မှု၊ လက်ကျန်ပမာဏ စသည့် စာရင်းအင်းကိန်းဂဏန်းများသည် အမှန်တကယ်မြေပြင်အခြေအနေနှင့် ကိုက်ညီမှုရှိရန် လိုအပ်ကြောင်း၊ ထို့အတူ  ပြည်ပကုန်သွယ်မှု၊ ရင်းနှီးမြှုပ်နှံမှု၊ ဘဏ္ဍာရေး၊ ငွေကြေးနှင့် လူမှုရေး ဆိုင်ရာစာရင်းများအားလုံး ပြည့်စုံမှန်ကန်မှသာ နိုင်ငံ၏ စုစုပေါင်းပြည်တွင်းထုတ်လုပ်မှုနှင့် ဝန်ဆောင်မှုတန်ဖိုး(GDP)ကို မှန်ကန်စွာ တွက်ချက်နိုင်မည်ဖြစ်ပြီး နှစ်အလိုက် အမျိုးသား စီမံကိန်းများ၊ ရည်မှန်းချက်များကို ထိရောက်အောင်မြင်စွာ ရေးဆွဲချမှတ် အကောင်အထည် ဖော်နိုင်မှာ ဖြစ်ကြောင်း၊
မိမိတို့နိုင်ငံတွင် ဗဟိုထိန်းချုပ်မှုလျှော့ချသည့်စာရင်းအင်းစနစ်ကို ကျင့်သုံးခြင်းဖြစ်သဖြင့် စာရင်းအင်းအချက်အလက်များ စုစည်းတွက်ချက်ထုတ်ပြန်ရာတွင် အမျိုးသားစာရင်းအင်းစနစ် တွင်ပါဝင်သည့် ဌာန၊အဖွဲ့အစည်းများအကြား ပူးပေါင်းဆောင်ရွက်မှု(Cooperation)နှင့် ပေါင်းစပ် ညှိနှိုင်းမှု(Coordination) ခိုင်မာအားကောင်းရန် အလွန်အရေးကြီးကြောင်း၊ 
မြန်မာနိုင်ငံ ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ အမျိုးသားကော်မတီ အောက်ရှိ စာရင်းကောက်ယူရေးလုပ်ငန်းကော်မတီအနေဖြင့် အမျိုးသားကော်မတီ၏ ပထမငါးနှစ်စီမံချက် ဖြစ်သည့် ၂၀၁၉-၂၀၂၃ ဘဏ္ဍာနှစ်အတွင်း တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် လုပ်ငန်း စုစုပေါင်း ၃၆,၇၉၆ ခုကို ကလေးလုပ်သား စစ်တမ်း စုစုပေါင်း(၂၅) ကြိမ် ကောက်ယူခဲ့ကြောင်း၊ 
ယခု ဒုတိယငါးနှစ်စီမံချက် ၂၀၂၄-၂၀၂၈ ၏ ပထမနှစ် ဖြစ်သည့် ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် တွင် ကယားပြည်နယ်မှအပ ကျန်တိုင်းဒေသကြီးနှင့်ပြည်နယ်များတွင် စစ်တမ်း ကောက်ယူခဲ့ပြီး ဖြစ်ကြောင်း၊ စစ်တမ်းများ၏ရလဒ်သည် ဆက်လက်ဆောင်ရွက်ရမည့် အခြေခံ အချက်အလက်များ၊ ဒေသအလိုက် ကလေးလုပ်သားကာကွယ်တားဆီးရေးအစီအစဉ်များနှင့် အခြားဆက်စပ် လုပ်ငန်းကော်မတီများ၏ ဆောင်ရွက်ချက်များကို အထောက်အကူပြုနိုင်မည် ဖြစ်သဖြင့် စစ်တမ်း များ၏ ကိန်းဂဏန်းအချက်အလက်များ မှန်ကန်ရန် လိုအပ်ကြောင်း၊ 
နိုင်ငံတော်အစိုးရအနေဖြင့် အသေးစား၊ အငယ်စားနှင့် အလတ်စား  စီးပွားရေး လုပ်ငန်း များ (Micro, Small and Medium Enterprises–MSMEs) ကို အားပေးပြီး ပြည်ပပို့ကုန်ကဏ္ဍ မြှင့်တင်နိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း၊ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး လုပ်ငန်း (ကုန်ထုတ်လုပ်မှု)စစ်တမ်းကို နေပြည်တော်ကောင်စီနယ်မြေ၊ ပဲခူး၊ မကွေး၊ မန္တလေး၊ ရန်ကုန်နှင့် ဧရာဝတီတို့တွင် ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလအတွင်း ကောက်ယူခဲ့ကြောင်း၊ နိုင်ငံ၏ MSMEs ထုတ်လုပ်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှုနှင့် အလုပ်အကိုင်အခွင့်အလမ်းများကို ဖန်တီးနိုင် ရေး၊ MSMEs နှင့် ပတ်သက်သည့် မူဝါဒနှင့်လုပ်ငန်းစဉ်များ ချမှတ်နိုင်ရေးအတွက် စစ်တမ်း ရလဒ်များသည် မှန်ကန်ပြည့်စုံမှုရှိရမည်ဖြစ်ကြောင်း၊
ပြည်ထောင်စုကုန်ဈေးနှုန်းတည်ငြိမ်ရေးကော်မတီအနေဖြင့် အခြေခံစားသောက်ကုန်ဈေး နှုန်းများနှင့် ဈေးကွက်အခြေအနေများကို သုံးသပ်ခြင်း၊ သင့်တင့်မျှတ၍ တည်ငြိမ်သော ဈေးနှုန်း နှင့် ဈေးကွက်ဖြစ်ပေါ်စေရေး ထိန်းညှိပေးခြင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရများ၏ လိုအပ် ချက်များ၊ အခက်အခဲများကို အခြားဆက်စပ်ကော်မတီများ၊   ပုဂ္ဂလိကအသင်းအဖွဲ့များနှင့် ပေါင်းစပ်ညှိနှိုင်းခြင်းတို့ကို ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ယင်းအတွက် တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် လက်ရှိဖြစ်ပေါ်နေသော အခြေခံ စားသောက်ကုန်ပစ္စည်းဈေးနှုန်းများ၊ ဈေးကွက်အတွင်း ကုန်စည်စီးဆင်းမှု၊ စိုက်ပျိုးထုတ်လုပ်မှု၊ အထွက်နှုန်း၊ စားသုံးမှု၊ လက်ကျန် စသည့် ကိန်း ဂဏန်းအချက်အလက်များ ကောက်ယူတင်ပြရာတွင် မှန်ကန်မှုရှိရေး အလေးထား ဆောင်ရွက်ရန် လိုအပ်ကြောင်း၊
သဘာဝဘေးအန္တရာယ်ကြောင့် ပျက်စီးဆုံးရှုံးမှုစာရင်းများကောက်ယူရာတွင် သက်ဆိုင်ရာ ဌာနအလိုက် အခြေခံစာရင်း(ငယ်စာရင်း)များရှိမှသာ ပျက်စီးဆုံးရှုံးမှုစာရင်းနှင့် တန်ဖိုးများကို ပြုစု တွက်ချက်နိုင်မည်ဖြစ်၍ ဌာန၊ အဖွဲ့အစည်းအားလုံးက အခြေခံစာရင်းများကို ပြည့်စုံ မှန်ကန်စွာ ပြုစုထားရန်နှင့် ပုံမှန် Update ပြုလုပ်ရန် လိုအပ်ကြောင်း၊ ကောက်ယူရာတွင်လည်း တူညီသည့် Format နှင့် စာရင်းများကောက်ယူပြီး One Mechanism, One Data, One Source ဖြစ်စေရေး ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ရမည်ဖြစ်ကြောင်း၊
သဘာဝဘေးအန္တရာယ်ကြောင့် ထိခိုက်ပျက်စီးမှု လျော့ပါးစေရေးအတွက် ထိရောက်သော ကြိုတင်ပြင်ဆင်မှု၊ အလျင်အမြန်တုံ့ပြန်ဆောင်ရွက်မှု၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းစဉ်များ ဆောင်ရွက်ရာတွင် ချက်ချင်း၊ ကာလတို၊ ကာလလတ်နှင့် ကာလရှည် အစီအမံများ ရေးဆွဲအကောင်အထည်ဖော်နိုင်ရန်အတွက် ပျက်စီးဆုံးရှုံးမှု စာရင်းအင်းအချက်အလက်များ ပြည်စုံ မှန်ကန်ရေးသည် အရေးကြီးကြောင်း ပြောကြားခဲ့ပါသည်။
ယင်းနောက် ဗဟိုကော်မတီအတွင်းရေးမှူး ဗဟိုစာရင်းအင်းအဖွဲ့ ညွှန်ကြားရေးမှူးချုပ်က စာရင်းအင်းအချက်အလက်မှန်ကန်ရေးနှင့် အရည်အသွေးပြည့်ဝရေးဗဟိုကော်မတီ အစည်းအဝေး ၁/၂၀၂၃ ဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ပြီးစီးမှု၊ စာရင်းအင်းကဏ္ဍအလိုက် ဆောင်ရွက်မှုများနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။ 
ထို့နောက် ဗဟိုကော်မတီဝင် ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီအဖွဲ့ဝင်၊ တိုင်းဒေသကြီးနှင့်ပြည်နယ်စီးပွားရေးရာဝန်ကြီးများနှင့်တာဝန်ရှိသူများက  စာရင်းအင်းအချက်အလက်မှန်ကန်ရေး၊ အရည်အသွေးပြည့်ဝရေးနှင့် စပ်လျဉ်း၍ သက်ဆိုင်ရာကဏ္ဍများအလိုက် ဆွေးနွေးတင်ပြကြရာ ဗဟိုကော်မတီဥက္ကဋ္ဌက လိုအပ်သည်များကို ညှိနှိုင်းပေါင်းစပ် ဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်