ပြည်ထောင်စုကုန်ဈေးနှုန်းတည်ငြိမ်ရေးကော်မတီ (၄/၂၀၂၄) အစည်းအဝေး ကျင်းပ

နေပြည်တော် ၊  နိုဝင်ဘာ  ၂၁

ပြည်ထောင်စုကုန်ဈေးနှုန်းတည်ငြိမ်ရေးကော်မတီ (၄/၂၀၂၄) အစည်းအဝေးကို ယနေ့ နေ့လယ်(၁၅:၀၀)နာရီတွင် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ရုံးအမှတ်(၂၆)အစည်းအဝေး ခန်းမ၌ ကျင်းပရာ ပြည်ထောင်စုကုန်ဈေးနှုန်းတည်ငြိမ်ရေးကော်မတီ ဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးချုပ် နှင့် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန် တက်ရောက်အမှာစကား ပြောကြားသည်။
အစည်းအဝေးသို့ ပြည်ထောင်စုကုန်ဈေးနှုန်းတည်ငြိမ်ရေးကော်မတီ ဒုတိယဥက္ကဋ္ဌ၊   စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊  ကော်မတီဝင်ဒုတိယဝန် ကြီးများ၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဒုတိယဥက္ကဋ္ဌ၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိ ပုဂ္ဂိုလ်များ တက်ရောက်ကြပြီး တိုင်းဒေသကြီး၊ ပြည်နယ်များမှ ဝန်ကြီးချုပ်များ၊ စီးပွားရေးရာ ဝန်ကြီးများ၊ စည်ပင်သာယာရေးကော်မတီအတွင်းရေးမှူးများနှင့် ပြည်ထောင်စုသမ္မတမြန်မာ နိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်ဥက္ကဋ္ဌတို့က ဗီဒီယိုကွန်ဖရင့် စနစ်ဖြင့် တက်ရောက်ကြသည်။
အစည်းအဝေးတွင် ပြည်ထောင်စုကုန်ဈေးနှုန်းတည်ငြိမ်ရေးကော်မတီ ဥက္ကဋ္ဌ၊ ဒုတိယ  ဝန်ကြီးချုပ်နှင့် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကား ပြောကြားရာတွင် ပြည်ထောင်စုကုန်ဈေးနှုန်းတည်ငြိမ်ရေးကော်မတီကို၂၀၂၃ ခုနှစ်၊ ဩဂုတ်လ (၁၈)ရက်နေ့တွင် ပြင်ဆင်ဖွဲ့စည်းခဲ့ပြီး ကော်မတီအစည်းအဝေးများ ကျင်းပခဲ့ကြောင်း၊ အစည်း အဝေးတွင် ဆွေးနွေးချမှတ်ခဲ့သည့် ဆုံးဖြတ်ချက်များကို ကော်မတီဝင်များအားလုံး ပူးပေါင်း၍ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း၊ လက်ရှိအခြေအနေတွင် တိုင်းဒေသကြီး၊ ပြည်နယ်များ၌ အခြေခံစားသောက်ကုန်ဈေးနှုန်းများ မြင့်တက်နေခြင်းကြောင့် ပုံသေဝင်ငွေရရှိသော လခစား ဝန်ထမ်းများနှင့် အခြေခံလူတန်းစားများအပေါ် သက်ရောက်မှုကြီးမားကြောင်း၊ သို့ဖြစ်ရာ  တိုင်းဒေ သကြီး၊ ပြည်နယ်အစိုးရများအနေဖြင့် ဆန်၊ စားသုံးဆီ၊ အသား၊ ငါး၊ ဥအမျိုးမျိုးနှင့်  အခြေခံ စားသောက်ကုန်များ၊ ဆေးနှင့် ဆေး ပစ္စည်းများ၊ စက်သုံးဆီများ၏ ဖြန့်ဖြူးရောင်းချမှုအပါအဝင် လက်ရှိဖြစ်ပေါ်နေသော မြေပြင်အခြေအနေအပေါ် ထိန်းကျောင်းဆောင်ရွက်သွားမည့် အစီအမံ များ၊ လိုအပ်ချက်နှင့် လက်တွေ့ဆောင်ရွက်သင့်သည်များကို အသေးစိတ်ဆွေးနွေးညှိနှိုင်းရန် ဖြစ်ကြောင်း၊ 
ယခုနှစ်မိုးရာသီအတွင်း ဒေသအချို့တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် သီးနှံစိုက် ခင်းများ ရေကြီးနစ်မြုပ်မှုဖြစ်ပေါ်ခဲ့ကြောင်း၊  ရာသီဥတုဖောက်ပြန်မှုကြောင့် စိုက်ပျိုးထုတ်လုပ်မှု များ ပျက်စီးဆုံးရှုံးရခြင်းသည် ကုန်ဈေးနှုန်းတည်ငြိမ်မှုအပေါ်တွင်လည်း သက်ရောက်မှုရှိလာမည် ဖြစ်ကြောင်း၊ နေရာဒေသအချို့တွင် ရေကြီးမှုများကြောင့် မိုးစပါးစိုက်ဧကများ ထိခိုက်ပျက်စီး ခဲ့သဖြင့် စပါးစိုက်ပျိုးမှု၊ ထွက်ရှိမှု၊ ပြည်တွင်း စားသုံးမှု၊ အရန်ဆန်နှင့် ပြည်ပတင်ပို့မှုစသည်တို့ကို စနစ်တကျ တွက်ချက်စီမံဆောင်ရွက်သွားရ မည်ဖြစ်ကြောင်း၊ 
လက်ရှိစားအုန်းဆီဖြန့်ဖြူးမှု စနစ်တကျရှိရေးအတွက် တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရ အဖွဲ့များက ကြပ်မတ်ဆောင်ရွက်ပေးရန် လိုအပ်ကြောင်း၊ အသား၊ ငါး၊ ဥဈေးနှုန်းများ တည်ငြိမ်ရေး အတွက် တိရစ္ဆာန်မျိုးသားပေါက်၊ အစာနှင့် ကာကွယ်ဆေးစသည့် မွေးမြူရေးဆိုင်ရာ လိုအပ်ချက် များကို ထည့်သွင်းစဉ်းစား ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ 
စားဖိုဆောင်သုံးကုန်ပစ္စည်း၊ ဟင်းသီးဟင်းရွက်နှင့် သီးနှံဈေးနှုန်းများအတွက် လိုအပ်သည့် သွင်းအားစုများဖြစ်သည့် ဓာတ်မြေဩဇာနှင့် ပိုးသတ်ဆေးတို့ကို တင်သွင်းနိုင်ရန် နိုင်ငံတော် အနေဖြင့် ဦးစားပေး ခွင့်ပြုပေးလျက်ရှိကြောင်း၊ ဓာတ်မြေဩဇာနှင့် ပိုးသတ်ဆေးတို့ကို အကျိုးအမြတ်အတွက် ဈေးကစားခြင်းများမရှိစေရေး သက်ဆိုင်ရာတာဝန်ရှိသူများက  ကြပ်မတ် ထိန်းကျောင်းသွားရန် လိုအပ်ကြောင်း၊ ကုန်ပစ္စည်းအမျိုးအစားအလိုက် စိုက်ပျိုးထုတ်လုပ်ရာ ဒေသ၊ ထွက်ရှိမှု၊ ကုန်စည်စီးဆင်းမှုအခြေအနေ၊ သယ်ယူပို့ဆောင်စရိတ်၊ ထုတ်လုပ်မှုလျော့နည်း ကျဆင်းရသည့်အကြောင်းအရင်း စသည့်ကုန်ထုတ်လုပ်မှုကွင်းဆက်တစ်လျောက်  မြေပြင်အခြေ အနေကို ခိုင်မာတိကျသည့် အချက်အလက်များအပေါ် အခြေပြု၍ ဖြေရှင်းနိုင်မည့် နည်းလမ်း များအား အစိုးရနှင့် ပုဂ္ဂလိကပူးပေါင်းပြီး အဖြေရှာဖော်ထုတ်ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ ကုန်ဈေးနှုန်းတည်ငြိမ်ရေးနှင့် ပတ်သက်၍  တိုင်းဒေသကြီး၊ ပြည်နယ်အလိုက် ဆောင်ရွက်ပေး သင့်သည့် ရေတို၊ ရေရှည် အစီအမံများကို  ဝိုင်းဝန်းဆွေးနွေး ဆောင်ရွက်သွားရန် လိုအပ်ကြောင်း ပြောကြားပါသည်။
ဆက်လက်၍ ပြည်ထောင်စုကုန်ဈေးနှုန်းတည်ငြိမ်ရေးကော်မတီ ဒုတိယဥက္ကဋ္ဌ၊ စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ဆန်၊ စားအုန်းဆီ၊ ဆေးနှင့် ဆေးဝါးပစ္စည်းများအပါအဝင် အခြေခံစားသောက်ကုန်များ ဈေးနှုန်းတည်ငြိမ်ရေး ဆောင်ရွက်မှု နှင့် ဆက်လက်ဆောင်ရွက်မည့် ကိစ္စရပ်များကို ဆွေးနွေးတင်ပြပြီး တိုင်းဒေသကြီး၊ ပြည်နယ်များ ၏ ဝန်ကြီးချုပ်များ၊ ကော်မတီအဖွဲ့ဝင်များက ပြည်ထောင်စုကုန်ဈေးနှုန်းတည်ငြိမ်ရေးကော်မတီ အစည်းအဝေးဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ပြီးစီးမှု၊ တိုင်းဒေသကြီး၊ ပြည်နယ်အလိုက် အခြေခံစားသောက်ကုန်ဈေးနှုန်းများ တည်ငြိမ်စေရေး ဆောင်ရွက်ချက်များ၊ ဆေးနှင့် ဆေးပစ္စည်း များ၊ စက်သုံးဆီ စသည့် အရေးကြီးကုန်စည်များနှင့် စပ်လျဉ်းပြီး နေ့စဉ်ကြပ်မတ်ဆောင်ရွက် လျက်ရှိသည့် အခြေအနေ၊ တွေ့ကြုံရသည့် အခက်အခဲနှင့် ‌ဆောင်ရွက်သင့်သည့်ကိစ္စရပ်များကို ဆွေးနွေးတင်ပြကြသည်။ 
ထို့နောက် ပြည်ထောင်စုကုန်ဈေးနှုန်းတည်ငြိမ်ရေးကော်မတီ ဥက္ကဋ္ဌက ဆွေးနွေးတင်ပြ ချက်များနှင့် စပ်လျဉ်း၍ သက်ဆိုင်ရာကဏ္ဍနှင့် ဒေသအလိုက် ကုန်ဈေးနှုန်းတည်ငြိမ်စေရေး ဆောင်ရွက်ရမည့်လုပ်ငန်းများနှင့် လိုအပ်ချက်များအား ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။   ပြည်ထောင်စုကုန်ဈေးနှုန်းတည်ငြိမ်ရေးကော်မတီကို ၂၀၂၃ခုနှစ် ဩဂုတ်လ ၁၈ ရက်နေ့ တွင် ပြင်ဆင်ဖွဲ့စည်းခဲ့ပြီး အခြေခံစားသောက်ကုန်ပစ္စည်းများ ဖြစ်သည့် ဆန်၊ စားသုံးဆီ၊ သားငါး၊ ဉ နှင့် မီးဖိုချောင်သုံး ကုန်ပစ္စည်းများ ဈေးနှုန်းတည်ငြိမ်ရေး၊ ပြည်တွင်းလိုအပ်ချက်နှင့် ထုတ်လုပ်မှု ပမာဏ ညီညွတ်မျှတရေး၊ ကုန်စည်စီးဆင်းမှု အဝင်အထွက်မှန်ကန်ရေး၊ ကုန်ဈေးနှုန်းတည်ငြိမ်မှု ပျက်ပြားစေမည့် ကိစ္စရပ်များအား ဉပဒေနှင့်အညီ ကြီးကြပ်ရေး လုပ်ငန်းများကို ကြပ်မတ် ဆောင်ရွက်လျက်ရှိပါသည်။  
သတင်းစဉ်