နေပြည်တော်၊ နိုဝင်ဘာ ၇
စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ ဥက္ကဋ္ဌအဖြစ် တာဝန်ယူဆောင်ရွက်သည့် ဆီစက်လုပ်ငန်းများ ဖွံ့ဖြိုးရေးချေးငွေစီမံခန့်ခွဲမှုလုပ်ငန်းအဖွဲ့၏ (၃/၂၀၂၄-၂၀၂၅) ကြိမ်မြောက် အစည်း အဝေးကို ယနေ့ (၇-၁၁-၂၀၂၄) တွင် ပြည်ထောင်စုဝန်ကြီးရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် လုပ်ငန်းအဖွဲ့ဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီး ဦးမင်းထွဋ်က ဆီစက်လုပ်ငန်းများ ဖွံ့ဖြိုးရေးချေးငွေ စတင်ထုတ်ချေးသည့် ၂၀၂၃ ခုနှစ်၊ ဇူလိုင်လမှစပြီး ယနေ့အထိ Participating Financial Institutions (PFI) ဘဏ် (၂) ဘဏ် ဖြစ်သော မြန်မာ့စီးပွားရေးဘဏ်နှင့် မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်တို့မှ နေပြည်တော်ကောင်စီနယ်မြေအပါအဝင် တိုင်းဒေသကြီး/ပြည်နယ် (၉)ခုမှ ဆီစက် လုပ်ငန်းရှင် (၃၄) ဦးကို ချေးငွေကျပ် (၄၁၉၃) သန်း ထုတ်ချေးပေးခဲ့ပြီးဖြစ်ကြောင်း၊ နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့်ဆောင်ရွက်သော ဆီစက်လုပ်ငန်းများဖွံ့ဖြိုးရေးချေးငွေကို စဉ်ဆက်မပြတ်ထုတ်ချေးရေး အတွက် Participating Financial Institutions (PFI) ဘဏ်များအဖြစ် မြန်မာ့စီးပွားရေးဘဏ်နှင့် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်တို့အပြင် ပြင်ပပုဂ္ဂလိကဘဏ်များပါဝင်ဆောင်ရွက်ရေး၊ ချေးငွေနှုန်းထား တိုးမြှင့်သတ်မှတ်ရေးတို့အတွက် အစည်းအဝေးတက်ရောက်လာသူများမှ ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက် ရန်နှင့် အကြံပြုဆွေးနွေး တင်ပြကြစေလိုကြောင်းပြောကြားသည်။
ဆက်လက်၍ ဆီစက်လုပ်ငန်းများဖွံ့ဖြိုးရေးချေးငွေ စီမံခန့်ခွဲမှုလုပ်ငန်းအဖွဲ့ အတွင်းရေးမှူး၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၊ ဦးဆောင်ညွှန်ကြားရေးမှူး ဦးမင်းသူက ဆီစက်လုပ်ငန်းများ ဖွံ့ဖြိုးရေး ချေးငွေများ ပိုမိုကျယ်ပြန့်စွာထုတ်ချေးနိုင်ရေးတွင် ပြင်ပပုဂ္ဂလိကဘဏ်များ ပါဝင်ဆောင်ရွက်လာနိုင်ရေး အတွက် မြန်မာနိုင်ငံဘဏ်များအသင်း၊ ချေးငွေနှုန်းထားတိုးမြှင့်ထုတ်ချေးရေးအတွက် သက်ဆိုင်ရာလုပ်ငန်း အဖွဲ့ဝင်များနှင့် ဆွေးနွေးညှိနှိုင်းထားရှိမှုနှင့် ရှေ့ဆက်ဆောင်ရွက်မည့် အစီအစဉ်များကိုရှင်းလင်းတင်ပြ ပြီး လုပ်ငန်းအဖွဲ့ဝင်များက ဝိုင်းဝန်းအကြံပြု ဆွေးနွေးကြသည်။
အစည်းအဝေးသို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ သမဝါယမနှင့်ကျေးလက် ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ စက်မှုဝန်ကြီးဌာနတို့မှ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များနှင့် ဦးဆောင်ညွှန်ကြားရေးမှူးများ၊ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI)၊ မြန်မာနိုင်ငံဘဏ်များအသင်းတို့မှ တာဝန်ရှိသူများ တက်ရောက်ကြကြောင်း သတင်းရရှိ ပါသည်။
သတင်းစဉ်