နေပြည်တော်၊စက်တင်ဘာ ၁၆
ဗဟိုစက်ပစ္စည်းစာရင်းအင်းနှင့် စစ်ဆေးရေးဦးစီးဌာန၊ ကွန်ပျူတာအသုံးချမှု အဆင့်မြင့်သင်တန်း အမှတ်စဉ် (၁/၂၀၂၄) သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၉:၀၀ နာရီတွင် ဗဟိုစက်ပစ္စည်း စာရင်းအင်းနှင့်စစ်ဆေးရေးဦးစီးဌာန၊ ရုံးအမှတ်(၃၂- D)၊ အစည်းအဝေးခန်းမ၌ကျင်းပရာ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါ်သန်းသန်းလင်း တက်ရောက်အမှာစကားပြောကြားပါသည်။
သင်တန်းဖွင့်ပွဲသို့ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနအောက်ရှိ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင် ညွှန်ကြားရေးမှူး၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ အရာရှိကြီးများ၊ သင်တန်းနည်းပြများနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ကြပါသည်။
ဒုတိယဝန်ကြီးက စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနရှိ ဌာနများအနေဖြင့် မိမိတို့ရဲ့ ပင်မလုပ်ငန်းတာဝန်များ ဆောင်ရွက်လျက်ရှိသည့်အပြင် ဝန်ထမ်းများစွမ်းဆောင်ရည် စဉ်ဆက်မပြတ်တိုးတက်စေရန်အတွက် ဘာသာရပ်ဆိုင်ရာကျွမ်းကျင်မှုသင်တန်းများ၊ ဌာနတွင်းမွမ်းမံသင်တန်းများ ဖွင့်လှစ် သင်ကြားပို့ချလျက်ရှိကြောင်း၊ ဝန်ထမ်းများအား စွမ်းဆောင်ရည်တိုးတက်စေရန် စဉ်ဆက်မပြတ် လေ့ကျင့်သင်ကြားပေးခြင်းသည် ကောင်းမွန်သည့်လုပ်ငန်းစဉ်တစ်ရပ်ဖြစ်ကြောင်း၊ ဗဟိုစက်ပစ္စည်း စာရင်းအင်းနှင့်စစ်ဆေးရေးဦးစီးဌာန၏ လုပ်ငန်းတာဝန်များတွင် နိုင်ငံပိုင်ယာဉ်၊ ယန္တရား၊ စက်ပစ္စည်း စာရင်းဇယားများ စနစ်တကျထိန်းသိမ်းခြင်းလုပ်ငန်းပါဝင်နေသည့်အတွက် ဌာနရှိဝန်ထမ်းများသည် ICT နည်းပညာကို ထိရောက်စွာအသုံးချနိုင်စေရန်နှင့် Capacity Development ဖြစ်စေရန်အတွက် ကွန်ပျူတာအသုံးချမှုအဆင့်မြင့်သင်တန်းဖွင့်လှစ်ခြင်းဖြစ်ကြောင်း၊ စာရင်းဇယားများကို ကွန်ပျူတာ စနစ်ဖြင့်စနစ်တကျအသုံးပြုတတ်စေရန်၊ လုပ်ငန်းခွင်တွင်အကျိုးရှိစွာ လက်တွေ့ပြန်လည်အသုံးချနိုင်ရန်နှင့် e-Government စနစ်အကောင်အထည်ဖော်ရေးလုပ်ငန်းစဉ်များတွင် အထောက်အကူဖြစ်စေရန်အတွက် ကြိုးစားဆောင်ရွက်သွားရန်ပြောကြားလိုကြောင်း စသည်ဖြင့် လမ်းညွှန်မှာကြားပါသည်။
အဆိုပါသင်တန်းကို ရက်သတ္တပတ် ၄ ပတ်ကြာ ဖွင့်လှစ်မည်ဖြစ်ပြီး ဗဟိုစက်ပစ္စည်းစာရင်းအင်းနှင့်စစ်ဆေးရေးဦးစီးဌာနမှ သင်တန်းသား/သင်တန်းသူ ၃၀ ဦး တက်ရောက်ကြောင်း သတင်းရရှိပါသည်။
သတင်းစဉ်