အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေး ရှင်းလင်းဆွေးနွေးပွဲ ကျင်းပ

နေပြည်တော်၊ ဩဂုတ် ၂၈
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၏ လမ်းညွှန်ချက်နှင့်အညီ ပြည်ထောင်စုဝန်ကြီး ဌာန/အဖွဲ့အစည်းများတွင် နိုင်ငံ့ဝန်ထမ်းများ အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာများ တိုးပွားလာစေရန်အတွက် အဂတိလိုက်စားများ တိုက်ဖျက်ရေးကော်မရှင်မှ အဂတိလိုက်စားမှု တားဆီးကာကွယ်ရေး အသိပညာပေးရှင်းလင်းဆွေးနွေးပွဲများ ကျင်းပဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက် ၀၉:၃၀ နာရီတွင် နေပြည်တော်ရှိ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ရုံးအမှတ် (၃၂)၊ အစည်းအဝေးခန်းမ၌ အသိပညာပေးရှင်းလင်းဆွေးနွေးပွဲ ကျင်းပသည်။ 
အဆိုပါ ဆွေးနွေးပွဲသို့ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် ဥက္ကဋ္ဌ ဦးစစ်အေးနှင့်တာဝန်ရှိသူများက လာရောက်ရှင်းလင်းဆွေးနွေးခဲ့ပြီး ဒုတိယဝန်ကြီးချုပ်နှင့် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်၊ ဒုတိယဝန်ကြီး၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ အရာထမ်း၊ အမှုထမ်းများက လူကိုယ်တိုင်နှင့် Online တို့ဖြင့် တက်ရောက်ခဲ့ကြသည်။ 
ဦးစွာ ဒုတိယဝန်ကြီးချုပ်နှင့် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်က အဖွင့်အမှာစကား ပြောကြားရာတွင် ယခုကဲ့သို့ အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေး ရှင်းလင်းဆွေးနွေးခြင်းဖြင့် အစိုးရဌာန၊ အဖွဲ့အစည်းများက တာဝန်ရှိပုဂ္ဂိုလ်များအနေဖြင့် အဂတိလိုက်စားမှုမြောက်နိုင်သော ကိစ္စရပ်များ၊ အဂတိလိုက်စားမှု၏ ဆိုးကျိုးများ၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေပါပြဋ္ဌာန်းချက်များနှင့် ပြစ်မှုပြစ်ဒဏ်များကို သိရှိနားလည်ပြီး အဂတိလိုက်စားမှု ဖြစ်ပေါ်နိုင်သည့် အကြောင်းအရာများကို ရှောင်ကြဉ်လာနိုင်မည်ဖြစ်ပါကြောင်း၊
အဂတိလိုက်စားမှုများကြောင့် လူတစ်ဦးချင်းစီ၏ အကျင့်စာရိတ္တများပျက်စီးလာပြီး ကိုယ်ရည်ကိုယ်သွေး ကျဆင်းလာသည့်အတွက် နိုင်ငံတော်၏ဖွံ့ဖြိုးတိုးတက်မှုကို နောက်ကျစေမည် ဖြစ်ပါကြောင်း၊ သန့်ရှင်းသောအစိုးရနှင့် ကောင်းမွန်သော အုပ်ချုပ်မှုစနစ်ကို ဖော်ဆောင်ရာတွင် အဂတိလိုက်စားမှုကို မဖြစ်မနေ တိုက်ဖျက်ရမည် ဖြစ်ပါကြောင်း၊ နိုင်ငံတော်၏ အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး စသည့်ကဏ္ဍများ တိုးတက်ကောင်းမွန်လာစေရန်အတွက် အဂတိလိုက်စားမှု ကင်းစင်ရန် လိုအပ်ပါကြောင်း၊ အဂတိကင်းရှင်းသည့် နိုင်ငံ့ဝန်ထမ်းများဖြင့် သန့်ရှင်းသောအစိုးရနှင့် ကောင်းမွန်သော အုပ်ချုပ်ရေးစနစ်တစ်ခုကို  အကောင်အထည်ဖော် တည်ဆောက်ရမည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် အဂတိ လိုက်စားမှု တိုက်ဖျက်ရေးကို အမျိုးသားရေး တာဝန်တစ်ရပ်အဖြစ် ခံယူဆောင်ရွက်ရမည် ဖြစ်ပါကြောင်း၊
အဂတိလိုက်စားမှုသည် နယ်ပယ်အသီးသီးတွင် ပုံစံအမျိုးမျိုးနှင့် ဖြစ်ပွားနိုင်ပြီး အဂတိ လိုက်စားမှုကို ကျူးလွန်ပါက အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေဖြင့် အရေးယူခံရမည့်အပြင် မိမိ ပတ်ဝန်းကျင် အသိုင်းအဝိုင်းတွင်လည်း ဂုဏ်သိက္ခာ ထိခိုက်ကျဆင်းစေမည်ဖြစ်သည့် အတွက် နိုင်ငံ့ဝန်ထမ်းများ သိရှိရှောင်ကြဉ်ရန် လိုအပ်ပါကြောင်း၊ စီမံကိန်းနှင့်ဘဏ္ဍာရေး ဝန်ကြီးဌာန၌ အများပြည်သူကို တိုက်ရိုက်ဝန်ဆောင်မှုပေးနေသည့် ဌာနအဖွဲ့အစည်းများရှိသည့် အတွက် အများပြည်သူကို အပြည့်အဝဝန်ဆောင်မှုပေးရန်နှင့် အဂတိ လိုက်စားမှု ကင်းစင်ရေး ပိုမို အလေးထားဆောင်ရွက်ရန် လိုအပ်ကြောင်း၊ ထို့အပြင် ဖြောင့်မတ်တည်ကြည်မှု၊ တာဝန်ယူ/ တာဝန်ခံမှုရှိရန်၊ ပွင့်လင်းမြင်သာစွာဖြင့် ကျောသားရင်သား မခွဲခြားဘဲမျှတစွာ ဆောင်ရွက်ရန် လိုအပ်ကြောင်းဖြင့် ပြောကြားသည်။
ယင်းနောက် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်၊ ကော်မရှင်ဥက္ကဋ္ဌ ဦးစစ်အေး က အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်၏ ဆောင်ရွက်ချက်များနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားရာ၌ အဂတိလိုက်စားမှုများကို အသေးစားအဂတိလိုက်စားမှု၊ ကြီးမားသော အဂတိလိုက်စားမှုနှင့် နိုင်ငံရေးအဂတိလိုက်စားမှုဟူ၍ အပြည်ပြည်ဆိုင်ရာ ပွင့်လင်းမြင်သာမှု အဖွဲ့က သတ်မှတ်ထားပါကြောင်း၊ မည်သည့် အဂတိလိုက်စားမှုပုံစံမျိုးမဆို အပ်နှင်းထားသည့် လုပ်ပိုင်ခွင့်ကို အသုံးချပြီး ကိုယ်ကျိုးရှာခြင်းပင်ဖြစ်ကြောင်း၊ Conflict of Interest (အကျိုးစီးပွား ပဋိပက္ခ)သည်လည်း အဂတိတရားကိုဖြစ်ပွားစေသည့် အကြောင်းအရင်းတစ်ရပ် ဖြစ်ပါကြောင်း၊ အများပြည်သူအကျိုးဖော်ဆောင်ရန် ပေးအပ်ထားသည့် ရာထူးနှင့် လုပ်ပိုင်ခွင့်များကိုသုံးပြီး ဆုံးဖြတ်ချက်ချရာတွင် မိမိအကျိုးနှင့် အများအကျိုးကြား လွန်ဆွဲရာမှ ကိုယ်ကျိုးအတွက် အလေးသာ ဆုံးဖြတ်ပါက Conflict of Interest မှ Corruption မြောက်သွားပြီ ဖြစ်ပါကြောင်း၊ Corruption ကြောင့် လွဲမှားသည့် စီမံခန့်ခွဲမှုနှင့် နိုင်ငံ၏အရင်းအမြစ်များကို ခွဲဝေဖြန့်ဖြူးရာတွင် ထိရောက်မှုမရှိသည့် အသုံးပြုမှုများဖြစ်ပေါပြီး နောက်ဆက်တွဲ ရလဒ်အနေဖြင့် အခြေခံပြည်သူများအတွက် ဆိုးကျိုးများကိုသာ ဖြစ်ပေါ်စေပါကြောင်း၊ ဝန်ထမ်းများသည် နိုင်ငံဖွံ့ဖြိုး တိုးတက်ရေးအတွက် အစိုးရက ချမှတ်ထားသည့် မူဝါဒများကို အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် ပြည်သူ့အကျိုးအတွက် တိုက်ရိုက်သော်လည်းကောင်း၊ သွယ်ဝိုက်၍သော်လည်းကောင်း ဝန်ဆောင်မှုပေးရခြင်း ဖြစ်သည့်အတွက် မိမိအား အပ်နှင်းထားသည့် လုပ်ပိုင်ခွင့်အာဏာကို ကိုယ်ကျိုးအတွက် အသုံးချခြင်း မပြုဘဲ အများပြည်သူအကျိုး ရှေ့ရှုဆောင်ရွက်ဖို့ လိုအပ်ကြောင်း တိုက်တွန်းပြောကြားခဲ့ပါသည်။
ဆက်လက်၍ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ရုံးမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်အေးမြတ်မွန်က အဂတိလိုက်စားမှု၏ သဘောသဘာဝများ၊ အဂတိလိုက်စားမှုဖြစ်ပေါ်ရခြင်း အကြောင်းအရင်းများ၊ အဂတိလိုက်စားမှု၏ ဆိုးကျိုးများနှင့် တားဆီးကာကွယ်ရေးကဏ္ဍများနှင့် စပ်လျဉ်း၍လည်းကောင်း၊ ညွှန်ကြားရေးမှူး ဦးအေးမင်းသောင်းက အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေနှင့် စုံစမ်းစစ်ဆေးရေးကဏ္ဍနှင့်စပ်လျဉ်း၍ လည်းကောင်း အသီးသီး ရှင်းလင်းဆွေးနွေးခဲ့ရာ တက်ရောက်လာကြသူများက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ကြပါသည်။ 
ယင်းနောက် ကော်မရှင်အဖွဲ့ဝင် ဦးမောင်မောင်တင့် ဦးဆောင်၍ စီမံကိန်းနှင့်ဘဏ္ဍာရေး ဝန်ကြီးဌာန အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးအဖွဲ့(Corruption Prevention Unit-CPU) အဖွဲ့ဝင်များနှင့်တွေ့ဆုံကာ တားဆီးကာကွယ်ရေးအဖွဲ့များ၏ လုပ်ငန်းဆောင်ရွက်ရာတွင် ကြုံတွေ့ရသည့် အတွေ့အကြုံများ၊ အားသာချက်၊ အားနည်းချက်များ၊ သုံးသပ်တင်ပြချက်များနှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။
 (သတင်းစဉ်)

, ,