ပြည်ထောင်စုအဆင့် အခွန်ကောက်ခံမှု အထောက်အကူပြုအဖွဲ့နှင့် အထောက်အကူပြုအဖွဲ့ အဆင့်ဆင့်ဆောင်ရွက်ရမည့် လုပ်ငန်းတာဝန်များ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

နေပြည်တော်  ဇူလိုင် ၈

ပြည်ထောင်စုအဆင့် အခွန်ကောက်ခံမှုအထောက်အကူပြုအဖွဲ့နှင့် အထောက်အကူပြုအဖွဲ့ အဆင့်ဆင့်ဆောင်ရွက်ရမည့် လုပ်ငန်းတာဝန်များ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး အတွက် (၁/၂၀၂၄) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် နေပြည် တော်ရှိ ပြည်တွင်းအခွန်များဦးစီးဌာန၊ ရုံးအမှတ် (၄၆)၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးသို့ ဒုတိယဝန်ကြီးချုပ်နှင့် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးဝင်းရှိန်၊ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ တိုင်းဒေသကြီး/ပြည်နယ် ဝန်ကြီး ချုပ်များ၊ ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ် တိုးရီ၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဌာန၊ ဒုတိယဝန်ကြီး ဦးမင်းထွဋ်၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမင်းမင်း၊ ပြည်ထဲရေးဝန်ကြီးဌာနနှင့် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနတို့မှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဦးစွာ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်က အဖွင့်အမှာစကား ပြောကြားရာတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ၁၄-၆-၂၀၂၄ ရက်နေ့တွင် အမိန့်ကြော်ငြာ စာအမှတ်၊ ၁၁၇/၂၀၂၄ ဖြင့် ပြည်ထောင်စုအဆင့် အခွန်ကောက်ခံမှု အထောက်အကူပြုအဖွဲ့၊ နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး/ပြည်နယ် အခွန်ကောက်ခံမှု အထောက်အကူပြုအဖွဲ့များ နှင့် မြို့နယ်အခွန်ကောက်ခံမှု အထောက်အကူပြုအဖွဲ့များကို ဖွဲ့စည်းတာဝန်ပေးအပ်ခဲ့ကြောင်း၊ ယင်းအမိန့်ကြော်ငြာစာတွင် အခွန်ကောက်ခံမှု အထောက်အကူပြုအဖွဲ့အဆင့်ဆင့်၏ ဖွဲ့စည်းမှုနှင့် လုပ်ငန်းတာဝန်များကို ဖော်ပြထားကြောင်း၊ 

၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၃၈၉ မှာ “နိုင်ငံသားတိုင်းသည် ဥပဒေအရ ပေးဆောင်ရမည့်အခွန်အကောက်များကို ပေးဆောင်ရန်တာဝန်ရှိသည်” ဟု ပြဋ္ဌာန်းထားပြီး၊ ယင်း ဥပဒေ၏ ဇယား (၁) ပါ ဥပဒေများနှင့်သက်ဆိုင်သည့်အခွန်အခများကို ပြည်ထောင်စုဝန်ကြီးဌာနများ ကလည်းကောင်း၊ ဇယား (၅) ပါ အခွန်အခများကို တိုင်းဒေသကြီးနှင့် ပြည်နယ်များကလည်းကောင်း နိုင်ငံတော်ဘဏ္ဍာရရှိစေရေး အခွန်အကောက်များကို ကောက်ခံလျက်ရှိကြောင်း၊

အခွန်ကောက်ခံမှုနှင့်စပ်လျဉ်း၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီး ချုပ်ကလည်း ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေး အမှတ်စဉ်၊ ၆/၂၀၂၃ တွင် “အခွန်ကောက်ခံ ရာတွင်အခွန်နှုန်းထားကို တိုးမြှင့်ကောက်ခြင်းမရှိဘဲ ရသင့်ရထိုက်သည့် အခွန်နယ်ပယ်ကို ချဲ့ထွင်၍ ထိထိရောက်ရောက် ဆောင်ရွက်ခဲ့သည့်အတွက် အခွန်ရရှိမှု တိုးတက်လာသည်ကို တွေ့ရကြောင်း၊ အခွန်နှင့်ပတ်သက်ပြီး တာဝန်ရှိသည့်ဝန်ကြီးဌာနများအနေဖြင့်လည်း နိုင်ငံတော်က ရသင့်ရထိုက်သည့် အခွန်အခများကို ပြည့်ပြည့်ဝဝရရှိအောင် ကောက်ခံပေးရန်လိုကြောင်း” လမ်းညွှန်မှုပြုခဲ့သကဲ့သို့ ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေး အမှတ်စဉ်၊ ၇/၂၀၂၃ တွင်လည်း “အခွန်အခများကောက်ယူရာတွင် အခွန်အားတိုးမြှင့်ကောက်ခံခြင်းမပြုလုပ်ဘဲ ယခင်ရှိပြီးအခွန်နှုန်းထားများအတိုင်း ရသင့်ရထိုက် သောနယ်ပယ်အလိုက် မကျန်ရှိအောင် ကောက်ခံခြင်းများကို ပြုလုပ်ကြပ်မတ်ဆောင်ရွက်ကြရန်လိုကြောင်း” ကို လမ်းညွှန်မှုပြုထားကြောင်း၊

ယခုဖွဲ့စည်းထားသည့် အခွန်ကောက်ခံမှုအထောက် အကူပြုအဖွဲ့များတွင် ပြည်ထောင်စု အဆင့်အဖွဲ့အနေဖြင့် အခွန်အပြည့်အဝရရှိစေရေးနှင့်  ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များ သတ်မှတ် ပေးရန်၊ သက်ဆိုင်ရာဌာနအသီးသီး ပူးပေါင်းဆောင်ရွက်နိုင်စေရန်၊ အခွန်ပညာပေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေးအတွက် ကြီးကြပ်ပေးရန်နှင့် ဆောင်ရွက်ခဲ့သည့်လုပ်ငန်းစဉ်များ၏ အားနည်း ချက်နှင့် အားသာချက်များကို ပြန်လည်သုံးသပ်လမ်းညွှန်ပေးရန် ဟူ၍ လုပ်ငန်းတာဝန်များ သတ်မှတ်ထားကြောင်း၊ အဓိကမှာ အခွန်ရငွေတိုးတက်လာစေရေးအတွက် ကြပ်မတ်ဆောင်ရွက် ကြရန်ဖြစ်ကြောင်း၊နိုင်ငံတော်၏ဘတ်ဂျက်တွင် ရငွေပိုင်း၌ အခွန်ရငွေ၊ အစိုးရဌာနများ၏ ရငွေ၊ ပြည်တွင်း /ပြည်ပချေးငွေ၊ နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းများမှ ထည့်ဝင်ငွေတို့မှ ရရှိခြင်းဖြစ်ပြီး၊ ယင်းတို့အနက် အခွန်ရငွေမှာ အဓိကအစိတ်အပိုင်းအဖြစ် ပါဝင်နေကြောင်း၊

သို့ဖြစ်ရာ ယခုဖွဲ့စည်းထားသည့် အခွန်ကောက်ခံမှုအထောက်အကူပြုအဖွဲ့များအား  ပြည်ထောင်စုဝန်ကြီးဌာနများက ပြည်ထောင်စုအတွက်ကောက်ခံရမည့် အခွန်အကောက်များကို လျော့နည်းလွတ်ကင်းမှုမရှိစေဘဲ အပြည့်အဝရရှိစေရေးအတွက် ဝိုင်းဝန်းကြပ်မတ် ထိန်းကျောင်း နိုင်ရန်ရည်ရွယ်၍  ဖွဲ့စည်းထားခြင်းဖြစ်ကြောင်း၊ ပြည်ထောင်စုကကောက်ခံသည့်အခွန်အခများကို တာဝန်ယူကောက်ခံနေသော  သက်ဆိုင်ရာဝန်ကြီးဌာနများသာမက ဒေသဆိုင်ရာအစိုးရအဖွဲ့များ က အနီးကပ်ကြီးကြပ်ဆောင်ရွက်ခြင်းဖြင့် အခွန်ရငွေများ ပိုမိုတိုးတက်လာမည်ဖြစ်ကြောင်း၊ ယင်းသို့ဆောင်ရွက်နိုင်ရန် ပြည်ထောင်စုအဆင့် အခွန်ကောက်ခံမှုအထောက်အကူပြုအဖွဲ့က ကြီးကြပ်ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့များအနေဖြင့်လည်း မိမိတို့တာဝန်ယူကောက်ခံရသည့် ဇယား (၅) ပါ အခွန်အခများအပြင် ပြည်ထောင်စုဝန်ကြီးဌာနများကကောက်ခံသည့် ပြည်ထောင်စု ၏အခွန်အကောက်များ ပိုမိုရရှိလာစေရေးအတွက် အခွန်ကောက်ခံသည့့်ဌာနများကို ဝိုင်းဝန်းကြီး ကြပ်ကူညီပေးကြရန် လိုအပ်ကြောင်း၊ 
 
၂၀၂၄ ခုနှစ်၊ ပြည်ထောင်စုအခွန်အကောက်ဥပဒေ၏ နောက်ဆက်တွဲ ဇယား (၁) တွင် ပြည်ထောင်စုက ကောက်ခံရမည့် အခွန်အကောက် (၂၅) မျိုးကို ဖော်ပြထားပြီး ဝန်ကြီးဌာန (၁၀) ခုနှင့် နေပြည်တော်ကောင်စီတို့က ကောက်ခံပေးနေကြကြောင်း၊ ယင်းအခွန်အကောက်များ၏ စုစုပေါင်းကောက်ခံရန် လျာထားချက်၏ (၈၅) ရာခိုင်နှုန်းခန့်ကို ပြည်တွင်းအခွန်များဦးစီးဌာနက ကောက်ခံပေးနေခြင်းဖြစ်ကြောင်း၊ လက်ရှိတွင် ပြည်တွင်းအခွန်များဦးစီးဌာနမှ တာဝန်ယူကောက်ခံလျက်နေသော ဝင်ငွေခွန်၊ ကုန်သွယ်လုပ်ငန်းခွန်၊ အထူးကုန်စည်ခွန်၊ တံဆိပ်ခေါင်းခွန်၊ အောင်ဘာလေသိန်းဆုခွန်နှင့် ရတနာ ခွန်များကို သက်ဆိုင်ရာ တည်ဆဲဥပဒေများနှင့်အညီကောက်ခံပြီး ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၃၁ (က) နှင့်အညီ ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေသို့ နှစ်စဉ်ပေးသွင်းလျက်ရှိကြောင်း၊

ထို့ပြင်  ကောက်ခံရရှိသည့် အခွန်များအနက် သက်ဆိုင်ရာဥပဒေပြဋ္ဌာန်းချက်များနှင့်အညီ သက်ဆိုင်ရာတိုင်းဒေသကြီး/ပြည်နယ်ဘဏ္ဍာရန်ပုံငွေသို့ တိုင်း‌ဒေသကြီး/ပြည်နယ်များအလိုက် ကောက်ခံရရှိငွေအပေါ်မူတည်၍ သတ်မှတ်ရာခိုင်နှုန်းအချိုးအတိုင်း အခွန်ဝေစုအဖြစ် ပြန်လည် ခွဲဝေပေးလျက်ရှိကြောင်း၊ နေပြည်တော်ကောင်စီနှင့် တိုင်းဒေသကြီး/ပြည်နယ်များအနေဖြင့် ပြည်တွင်းအခွန်များဦးစီးဌာန၏ အခွန်ကောက်ခံမှုလုပ်ငန်းများကို ကူညီပံ့ပိုးပေးခြင်းဖြင့် မိမိတို့ ဒေသမှရရှိမည့် အခွန်ဝေစုရရှိမှုမှာ တိုးတက်လာမှာဖြစ်ပြီး ဘဏ္ဍာငွေတိုးတက်မှုကြောင့်  ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများတွင် အသုံးစရိတ်ကို ပိုမိုသုံးစွဲလာနိုင်မည်ဖြစ်ကြောင်း၊ သို့ဖြစ်ရာ ယခုဖွဲ့စည်းပေးခဲ့သည့် အခွန်ကောက်ခံမှုအထောက်အကူပြုအဖွဲ့များအနေဖြင့် အခွန်ကောက်ခံသည့် သက်ဆိုင်ရာဌာနများကို တည်ဆဲအခွန်ဆိုင်ရာ ဥပဒေများနှင့်အညီ ဝိုင်းဝန်း ကြပ်မတ်ပေးရန်နှင့် အခွန်ကောက်ခံမှုတိုးတက်အောင်ဆောင်ရွက်လျက် ရှိသည့်လုပ်ငန်းများတွင် ဝိုင်းဝန်းကူညီပေးကြရန်ဖြစ်ကြောင်း၊

ပြည်တွင်းအခွန်များဦးစီးဌာနအနေဖြင့် ဟိုတယ်/တည်းခိုခန်းလုပ်ငန်း၊ စားသောက်ဆိုင် လုပ်ငန်း၊ ရွှေထည်လက်ဝတ်ရတနာရောင်းဝယ်ရေးလုပ်ငန်း၊ ရုပ်သံလွှင့်မီဒီယာလုပ်ငန်းများနှင့် မိုဘိုင်းဟန်းဆက်ရောင်းချခြင်းလုပ်ငန်းများမှာ ယင်းတို့က ထုတ်ပေးသည့်ပြေစာပေါ်တွင် အခွန် အမှတ်တံဆိပ်ကပ်နှိပ်စေပြီး ဉပဒေနှင့်အညီ ကုန်သွယ်လုပ်ငန်းခွန်ကောက်ခံသည့်စနစ်ကို  ဆောင် ရွက်လျက်ရှိကြောင်း၊ သတ်မှတ်ထားသည့် ကျသင့်အခွန်အတိုင်း အခွန်အမှတ်တံဆိပ် ကပ်နှိပ်ရန် ပျက်ကွက်ခြင်းနှင့် ပြေစာထုတ်ပေးသော်လည်း အခွန်အမှတ်တံဆိပ်ကပ်နှိပ်ပေးရန် ပျက်ကွက်ခြင်း များကို သက်ဆိုင်ရာအခွန်ဝန်ထမ်းများက စစ်ဆေးခြင်း၊ ယင်းသို့ပျက်ကွက်မှုများအပေါ် စားသုံးသူ များက တိုင်ကြားစေခြင်းများကို ဆောင်ရွက်လျက်ရှိပြီး ပျက်ကွက်မှုများအား တည်ဆဲအခွန်ဥပဒေ ပါအတိုင်း ဒဏ်ကြေးငွေတပ်ရိုက်ခြင်း၊ စစ်ဆေးတွေ့ရှိသူနှင့် တိုင်ကြားသူတို့ကို ဆုကြေးငွေ ထုတ်ပေးခြင်းများကို ဆောင်ရွက်ပေးနေသော်လည်း လုပ်ငန်းရှင်များအနေဖြင့် လိုက်ပါဆောင် ရွက်မှု အားနည်းနေသေးသည်ကို စိစစ်တွေ့ရှိနေရကြောင်း၊ လိုက်နာဆောင်ရွက်မှု အားကောင်း လာစေရေးအတွက် ကြီးကြပ်ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊

ထို့ပြင် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနအနေဖြင့် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အတွင်း ပြည်ပသို့ နိုင်ငံခြားငွေလွှဲပြောင်းမှုဆောင်ရွက်သည့်လုပ်ငန်းများ၊ ကျန်းမာရေးဝန်ဆောင်မှုလုပ်ငန်း များ၊ ပညာရေးဝန်ဆောင်မှုလုပ်ငန်းများ၊ အနုပညာလုပ်ငန်းများ၊ စက်သုံးဆီဆိုင်များ၊ အခြေပစ္စည်း ဝယ်ယူ/ရောင်းချခြင်းများအပေါ် အခွန်လွတ်ကင်းမှုမရှိစေရေးနှင့် ရသင့်ရထိုက်သောအခွန်များ တိုးတက်ကောက်ခံရရှိရေးတို့အတွက် သက်ဆိုင်ရာတိုင်းဒေသကြီး/ပြည်နယ်အခွန်ဦးစီးဌာနမှူးရုံး များအား ကြီးကြပ်ဆောင်ရွက်ခဲ့ကြောင်း၊

နိုင်ငံတော်အနေဖြင့် ပြည်သူလူထု၏လိုအပ်ချက်ဖြစ်သော ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော် ဖြစ်ထွန်းပေါ်ပေါက်လာစေရေးနှင့် လူမှုဘဝဖွံ့ဖြိုးတိုးတက်စေရေးအတွက် ဘဏ္ဍာ ငွေများ ကျခံသုံးစွဲရာတွင် အဓိကဘဏ္ဍာရေးအရင်းအမြစ်ဖြစ်သည့် အခွန်ငွေများကို အပြည့်အဝ ကောက်ခံရရှိရေးအတွက် ဖွဲ့စည်းထားသည့် အခွန်ကောက်ခံမှုအထောက်အကူပြုအဖွဲ့ အဆင့်ဆင့် အနေဖြင့် ဝိုင်းဝန်းကူညီဆောင်ရွက်ပေးကြရန်နှင့် သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ် ဝန်ကြီး ချုပ်များအနေဖြင့်လည်း မိမိတို့ဒေသအလိုက် အခွန်ဆိုင်ရာအထောက်အကူပြု အဖွဲ့ဥက္ကဋ္ဌအဖြစ် တာဝန်ယူဆောင်ရွက်ကြရသည်ဖြစ်၍ အခွန်ကောက်ခံသည့်ဌာနများကို လိုအပ်သလို ကြီးကြပ် ကွပ်ကဲ ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးကြရန် တိုက်တွန်းကြောင်း ပြောကြား ပါသည်။

ထို့နောက် ပြည်ထောင်စုအဆင့်အခွန်ကောက်ခံမှုအထာက်အကူပြုအဖွဲ့၊ အတွင်းရေးမှူး စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမင်းထွဋ်က မြန်မာနိုင်ငံ၏ အခွန်စနစ်နှင့် ပြည်ထောင်စုအဆင့်၊ နေပြည်တော်ကောင်စီနှင့် တိုင်းဒေသကြီး/ပြည်နယ် အခွန်ကောက်ခံမှု အထောက်အကူပြုအဖွဲ့များ၏ ဆောင်ရွက်ရန်လျာထားသည့် လုပ်ငန်းစဉ်များနှင့် အခွန်တိုးတက် ကောက်ခံရရှိနိုင်ရေးအတွက်      ဆောင်ရွက်မည့်အစီအစဉ်များအား ရှင်းလင်းတင်ပြပါသည်။

ယင်းနောက် နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ၊  တိုင်းဒေသကြီး/ပြည်နယ်ဝန်ကြီးချုပ်များနှင့် ဒုတိယဝန်ကြီး ဗိုလ်ချုပ် တိုးရီတို့က မိမိတို့နယ်မြေများနှင့် ဝန်ကြီးဌာနအလိုက် အခွန်တိုးတက် ကောက်ခံရရှိမှုအခြေအနေများကိုလည်းကောင်း၊ ဒုတိယဝန်ကြီး ဦးမင်းမင်းက ကုန်ဈေးနှုန်း တည်ငြိမ်ရေးဆောင်ရွက်ချက်များနှင့် စပ်လျဉ်း၍ ဆန်၊ စားသုံးဆီနှင့် စက်သုံးဆီ တင်သွင်း/တင်ပို့မှု အခြေအနေများကိုလည်းကောင်း ရှင်းလင်းတင်ပြကြပြီး၊ ပြည်ထောင်စုအဆင့် အခွန်ကောက်ခံမှု အထောက်အကူပြုအဖွဲ့၏လုပ်ငန်းတာဝန်ဖြစ်သော အခွန်အပြည့်အဝကောက်ခံရရှိရေး ဆောင်ရွက် မည့်အစီအစဉ်များနှင့်စပ်လျဉ်း၍ ဝိုင်းဝန်းဆွေးနွေးကြရာ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စု ဝန်ကြီးက လိုအပ်သည်များအား ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။ 
သတင်းစဉ်