ဒုတိယဝန်ကြီးချုပ်နှင့် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီး မစ္စတာ အဘ်ဟေး တာကူးရ်အား လက်ခံတွေ့ဆုံ

နေပြည်တော်  မေ ၁၀
 
ဒုတိယဝန်ကြီးချုပ်နှင့် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်သည် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံအမတ်ကြီး မစ္စတာ အဘ်ဟေး တာကူးရ်အား ယနေ့ (၁၂:၀၀) နာရီတွင် နေပြည်တော်ရှိ  စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။

တွေ့ဆုံစဉ် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးက သံအမတ်ကြီးအား မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီးအဖြစ် ခန့်အပ်တာဝန်ပေးအပ်ခံရခြင်းအတွက် ဝမ်းမြောက်ဂုဏ်ယူ ကြိုဆိုပါကြောင်း၊ သံအမတ်ကြီးတာဝန်ထမ်းဆောင်ချိန်ကာလတွင်  မြန်မာ-အိန္ဒိယ နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးသောဆက်ဆံရေးကို ပိုမိုတိုးတက်ကောင်းမွန်အောင် ဆောင်ရွက်နိုင်လိမ့်မည်ဟု ယုံကြည်မျှော်လင့်ကြောင်း ပြောကြားခဲ့ပါသည်။ ဆက်လက်၍ ဘဏ်နှင့် ငွေရေးကြေးရေးဆိုင်ရာ ကိစ္စရပ်များ၊ နှစ်နိုင်ငံကုန်သွယ်မှုနှင့်စပ်လျဉ်း၍ ငွေပေးချေမှုဆိုင်ရာကိစ္စရပ်များ၊ ချေးငွေဆိုင်ရာ ကိစ္စရပ်များနှင့် ပြည်သူ့ဘဏ္ဍာရေးစီမံခန့်ခွဲမှုနှင့် အာမခံဆိုင်ရာသင်တန်းများ ပံ့ပိုးပေးနိုင်မှုကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာအမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။

တွေ့ဆုံပွဲသို့ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းနှင့် ဌာနဆိုင်ရာအကြီးအကဲများ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။ 
သတင်းစဉ်