စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ပြည်တွင်းအခွန်များဦးစီးဌာနမှ တာဝန်ရှိသူများနှင့်တွေ့ဆုံ၍ လုပ်ငန်းဆိုင်ရာများအား လမ်းညွှန်မှာကြား

ရန်ကုန် ၊ ဇန်နဝါရီ ၁၃ 

စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းသည် ဇန်နဝါရီလ ၁၃ ရက်၊ နေ့လည်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီးရှိ ပြည်တွင်းအခွန်များဦးစီးဌာနမှ တာဝန်ရှိသူများနှင့်တွေ့ဆုံ၍ လုပ်ငန်းဆိုင်ရာများအား လမ်းညွှန်မှာကြားသည်။ ဒုတိယဝန်ကြီးသည် ပြည်တွင်းအခွန်များဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်နှင့်အတူ ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားမြို့နယ်ရှိ အခွန်ထမ်းကြီးများဆိုင်ရာအခွန်ရုံးတွင် ပြည်တွင်းအခွန်များဦးစီးဌာနမှ ညွှန်ကြားရေးမှူးများ၊ ဌာနမှူးများနှင့်တွေ့ဆုံ၍ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် တွင် ကောက်ခံရမည့် အခွန်လျာထားချက်များ ပြည့်မီကျော်လွန်စွာကောက်ခံရရှိနိုင်ရေး၊ ရုံးဌာနအဆောက်အဦများ လုံခြုံမှုရှိရေးနှင့် ဝန်ထမ်းများစည်းလုံးညီညွတ်မှုရှိရေး၊ အခွန်ထမ်းပြည်သူများအပေါ် ကောင်းမွန်သောဝန်ဆောင်မှုပေးနိုင်ရေး စသည့်ကိစ္စရပ်များကို လမ်းညွှန်မှာကြားပြီး၊ ကြီးကြပ်သူအရာထမ်းများအနေဖြင့် မိမိတို့သက်ဆိုင်ရာလုပ်ငန်းကဏ္ဍအလိုက် ဂရုပြုကြပ်မတ်ဆောင်ရွက်နိုင်ရေး အလေးထားဆောင်ရွက်ကြရန်နှင့် ထူးခြားမှုများရှိပါက အချိန်နှင့်တစ်ပြေးညီ တင်ပြဆောင်ရွက်သွားရန် လမ်းညွှန်မှာကြားသည်။ ပြည်တွင်းအခွန်များဦးစီးဌာနသည် နိုင်ငံတော်မှ ကောက်ခံရရှိသော အခွန်အကောက်ရငွေ စုစုပေါင်း၏ (၈၀) ရာခိုင်နှုန်းကျော်ကို နှစ်စဉ်ကောက်ခံပေးနေသည့် ဌာနတစ်ခုဖြစ်ပြီး၊ နိုင်ငံတော်ဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် လုံလောက်သည့်ဘဏ္ဍာငွေများ တိုးမြှင့်ရရှိနိုင်ရန် ဘဏ္ဍာနှစ် အလိုက် လျာထားသည့်အခွန်ရငွေများ ပြည့်မီကျော်လွန်စွာ ကောက်ခံရရှိနိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။ ဆက်လက်၍ ဒုတိယဝန်ကြီးသည် မွန်းလွဲပိုင်းတွင် ငွေကြေးသက်သေခံလက်မှတ်လုပ်ငန်းများ ကြီးကြပ်ရေးကော်မရှင်ရုံးနှင့် ရန်ကုန်စတော့အိတ်ချိန်းရုံးသို့ သွားရောက်၍ တာဝန်ရှိသူများနှင့် တွေ့ဆုံပြီး လုပ်ငန်းဆိုင်ရာများ လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိသည်။ (သတင်းစဉ်)