နေပြည်တော် မတ် ၁၉
အသေးစားငွေရေးကြေးရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး အလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ရုံးအမှတ် (၃၄) အစည်းအဝေးခန်းမ၌ကျင်းပရာ အသေးစားငွေရေးကြေးရေးလုပ်ငန်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်နှင့် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ၊ မြန်မာနိုင်ငံ အသေးစားငွေရေးကြေးရေးလုပ်ငန်းများ အသင်းဥက္ကဋ္ဌ၊ မြန်မာနိုင်ငံဘဏ်များအသင်း ဥက္ကဋ္ဌ၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်တို့မှ ဦးဆောင်ညွှန်ကြားရေးမှူးများနှင့် ညွှန်ကြားရေးမှူးချုပ်များ၊ ငွေကြေးဆိုင်ရာစုံစမ်းထောက်လှမ်းရေးအဖွဲ့မှတာဝန်ရှိသူများ၊ မြန်မာနိုင်ငံ အသေးစားငွေရေး ကြေးရေးလုပ်ငန်းများအသင်း၊ မြန်မာနိုင်ငံအာမခံအသင်း၊ Myanmar Credit Bureau နှင့် Microfinance Credit Information Exchange (MCIX) တို့မှ တာဝန်ရှိသူများ၊ အသေးစား ငွေရေးကြေးရေးကုမ္ပဏီများ၊ ပုဂ္ဂလိကဘဏ်များနှင့် ပုဂ္ဂလိကအာမခံကုမ္ပဏီများမှ ကိုယ်စား လှယ်များ တက်ရောက်ကြသည်။
ဦးစွာ အသေးစားငွေရေးကြေးရေးလုပ်ငန်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် နှင့် ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်က အဖွင့်အမှာစကားပြောကြားရာတွင် ၂၀၁၁ ခုနှစ်၊ နိုဝင် ဘာလ ၃၀ ရက်တွင် အသေးစားငွေရေးကြေးရေးလုပ်ငန်းဥပဒေပြဋ္ဌာန်း၍ လုပ်ငန်းများ စတင် ဆောင်ရွက်ခဲ့ကြောင်း၊ အသေးစားငွေရေးကြေးရေးလုပ်ငန်းသည် ကျေးလက်ဒေသဖွံ့ဖြိုး ရေးနှင့် ဆင်းရဲမှုလျှော့ချရေး၊ MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး၊ စိုက်ပျိုးရေးနှင့်မွေးမြူရေးကို အခြေခံသည့်ကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ရာတွင် ငွေကြေးဝန်ဆောင်မှု ပေးခြင်းဖြစ်၍ လွန်စွာအရေးပါသည့်လုပ်ငန်းဖြစ်ကြောင်း၊ အထူးသဖြင့် အကြောင်းအမျိုးမျိုး ကြောင့် ဘဏ်ဝန်ဆောင်မှုရရှိရန် အကန့်အသတ်ရှိသည့် ကျေးလက်နှင့်မြို့ပြနေ ဝင်ငွေနည်း ပြည်သူများ၊ MSME လုပ်ငန်းများနှင့် တစ်ပိုင်တစ်နိုင်ကုန်ထုတ်လုပ်မှုနှင့် ဝန်ဆောင်မှုဆောင်ရွက် သူများအတွက် များစွာအထောက်အကူပြုကြောင်း၊ ၂၀၁၄ ခုနှစ်မှစ၍ အသေးစား ငွေရေးကြေး ရေးလုပ်ငန်းကဏ္ဍတွင် ပြည်ပမှရင်းနှီးမြှုပ်နှံသူများလာရောက်ရင်းနှီးမြှုပ်နှံခြင်း၊ ပြည်တွင်းလုပ် ငန်းရှင်များ ပိုမိုပါဝင်လာခြင်းတို့ကြောင့် အသေးစားငွေရေးကြေးရေးလုပ်ငန်းများ အရှိန်အဟုန် ဖြင့် တိုးတက်လာခဲ့ကြောင်း၊ သို့ရာတွင် ၂၀၂၀ ပြည့်နှစ် နှောင်းပိုင်းမှစ၍ ကိုဗစ်-၁၉ ကမ္ဘာ့ရောဂါ ဖြစ်ပွားမှု နောက်ပိုင်းကာလများတွင် အသေးစားငွေရေးကြေးရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်မှု များ သိသာစွာကျဆင်းသွားသည်ကို အသေးစားငွေရေးကြေးရေး လုပ်ငန်းကုမ္ပဏီများက တင်ပြ သည့်စာရင်းဇယားများအရ စိစစ်တွေ့ရှိရကြောင်း။
၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလစာရင်းများအရ မြန်မာနိုင်ငံအသေးစားငွေရေးကြေးရေးကဏ္ဍ တွင် အသေးစားငွေရေးကြေးရေးကုမ္ပဏီ (၁၇၇) ခုမှ ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ် (၁၂) ခုရှိ မြို့နယ် (၂၀၂) မြို့နယ်၊ ရပ်ကွက် (၁၉၀၉) ရပ်ကွက်၊ ကျေးရွာအုပ်စု (၇၄၈၈) အုပ်စု၊ ကျေးရွာ (၂၄၃၁၇) ကျေးရွာ၊ အသင်းဝင်ဦးရေ (၂.၈၅၅) သန်း၊ ထုတ်ချေးငွေလက်ကျန် ကျပ် (၂၀၁၂.၀၂၁) ဘီလီယံရှိကြောင်း၊ သို့ရာတွင် အသေးစားငွေရေး ကြေးရေးလုပ်ငန်းကဏ္ဍ အတိုးတက်ဆုံးအခြေအနေဖြစ်သည့် ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလစာရင်းနှင့် နှိုင်းယှဉ်ပါက ပြည်နယ် (၂) ခု၊ မြို့နယ် (၅၇) မြို့နယ်၊ ရပ်ကွက် (၃၄၅) ရပ်ကွက်၊ ကျေးရွာအုပ်စု (၄၁၇) အုပ်စု၊ ကျေးရွာ (၁၉၉၁) ကျေးရွာ၊ အသင်းဝင်ဦးရေ (၂.၈၅၆) သန်း၊ ထုတ်ချေးငွေ လက်ကျန် ကျပ် (၇၇၁.၀၁၅) ဘီလီယံ လျော့နည်းသွားကြောင်း အသေးစားငွေရေးကြေးရေး ကုမ္ပဏီများမှတင်ပြသည့်စာရင်းအရ တွေ့ရှိရကြောင်း။
ယင်းသို့ လျော့နည်းကျဆင်းရသည့် အခြေအနေကို စိစစ်လေ့လာသုံးသပ်ရာတွင် အသေး စားငွေရေးကြေးရေးကုမ္ပဏီများအနေဖြင့် လိုအပ်သည့် လည်ပတ်မတည်ငွေရင်းကို ပြည်တွင်း/ ပြည်ပငွေရေးကြေးရေးအဖွဲ့အစည်းများထံမှ သင့်တင့်သောအတိုးနှုန်းဖြင့်ရယူနိုင်ရန်၊ နယ်မြေ ဒေသအခြေအနေများကြောင့် လုပ်ငန်းလည်ပတ်နိုင်မှုမရှိသည့် နယ်မြေဒေသများအတွက် ငွေကြေးဝန်ဆောင်မှုရရှိစေရေး နည်းလမ်းများဖော်ထုတ်ရန်၊ အသင်းဝင်များ၏ ချေးငွေနှင့် လူမှု စီးပွားဘဝကို အကာအကွယ်ပေးရန်အတွက် ယင်းတို့နှင့်ကိုက်ညီသည့် အာမခံဝန်ဆောင်မှုများ ဆောင်ရွက်ပေးရန်၊ အသင်းဝင်များ ကြွေးဝန်မပိစေရေးအတွက် ဘဏ်နှင့် ငွေရေးကြေးရေးအဖွဲ့ အစည်းများအကြား ချေးငွေဆိုင်ရာသတင်းအချက်အလက်များ အပြန်အလှန်မျှဝေရန်၊ နိုင်ငံ တော်က ဦးစားပေးအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် MSME လုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်ရေးအတွက် နိုင်ငံတော်မှဆောင်ရွက်နေသည့် ငွေကြေးဝန်ဆောင်မှုပေးခြင်းအစီအစဉ် များနှင့် ဟန်ချက်ညီစွာ ပေါင်းစပ်ဆောင်ရွက်နိုင်ရန်၊ ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့ခြင်းမှကာကွယ်တားဆီးခြင်းလုပ်ငန်းစဉ်များတွင်ပါဝင်သည့် ငွေကြေးအရင်း အမြစ် စိစစ်ခြင်း၊ အခွန်ပေးဆောင်ခြင်းအပါအဝင် ဆောင်ရွက်ရမည့်လုပ်ငန်းအစီအစဉ်များ လျင်မြန်ချောမွေ့စေရန်၊ အသင်းဝင်များကြုံတွေ့နိုင်သည့် အွန်လိုင်းလိမ်လည်မှု (Online Scams)၊ ငွေကြေးဆိုင်ရာ ရာဇဝတ်မှုများနှင့် အသင်းဝင်များ၏သတင်းအချက်အလက်များကို တလွဲအသုံးပြုခြင်းမှ ကာကွယ်နိုင်ရန် ငွေကြေးဆိုင်ရာအသိပညာပေးခြင်းနှင့် Digital အသိ ပညာများပေးခြင်းလုပ်ငန်းစဉ်များကို ဥပဒေ၊ နည်းဥပဒေပါ သတ်မှတ်ချက်များနှင့်အညီ လိုက်နာ ဆောင်ရွက်ရန် စသည့်လိုအပ်ချက်များ ရှိနေသည်ကို သုံးသပ်တွေ့ရှိရကြောင်း။
သို့ဖြစ်၍ ယင်းလိုအပ်ချက်များကို ပေါင်းစပ်ညှိနှိုင်းအဖြေရှာနိုင်ရန် ယနေ့အလုပ်ရုံဆွေး နွေးပွဲကို ကျင်းပခြင်းဖြစ်ပြီး အလုပ်ရုံဆွေးနွေးပွဲတွင် အသေးစားငွေရေးကြေးရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်သင့်သည့်လုပ်ငန်းအစီအစဉ်များကို ပွင့်ပွင့်လင်းလင်း စုပေါင်းဆွေးနွေးကြပြီး အစိုးရဌာနများနှင့် အသေးစားငွေရေးကြေးရေး လုပ်ငန်းကြီးကြပ်မှု ကော်မတီတို့က ဖြည့်ဆည်းဆောင်ရွက်ပေးရမည့် လုပ်ငန်းစဉ်၊ ပုဂ္ဂလိကကဏ္ဍနှင့် အဖွဲ့အစည်းများမှ ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်တို့ကို ရေးဆွဲတင်ပြနိုင်ရေး ဆောင်ရွက်ကြရန် တိုက်တွန်းကြောင်း ပြောကြားပါသည်။
ဆက်လက်၍ မြန်မာနိုင်ငံ အသေးစားငွေရေးကြေးရေးလုပ်ငန်းများအသင်း ဥက္ကဋ္ဌ ဦးကျင်ခန့်လျန်က အသေးစားငွေရေးကြေးရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်မှုအခြေအနေများ အား ရှင်းလင်းတင်ပြပြီး အသင်း၏လုပ်ငန်းဆောင်ရွက်မှု Video Clip အား ပြသပါသည်။
ထို့နောက် သက်ဆိုင်ရာ အစုအဖွဲ့ဆွေးနွေးပွဲများကို ဆက်လက်ကျင်းပရာ အသေးစားငွေရေးကြေးရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးနှင့်စပ်လျဉ်း၍ ပြည်ထဲရေးဝန်ကြီးဌာန၊ ငွေကြေးဆိုင်ရာစုံစမ်းထောက်လှမ်းရေးအဖွဲ့၊ ငွေရေးကြေးရေးကြီးကြပ်စစ်ဆေးရေးဦးစီးဌာန၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်နှင့် မြန်မာနိုင်ငံအသေးစားငွေရေးကြေးရေးလုပ်ငန်းများအသင်း တို့မှ တာဝန်ရှိသူများက သက်ဆိုင်ရာလုပ်ငန်းကဏ္ဍများအလိုက် ဆွေးနွေးကြပြီး တက်ရောက် လာကြသည့် အဖွဲ့အစည်းများမှ တာဝန်ရှိသူများက ပေါင်းစပ်ညှိနှိုင်းဆွေးနွေးကာ အလုပ်ရုံ ဆွေးနွေးပွဲကို ညနေ (၁၇:၃၀) နာရီတွင် အောင်မြင်စွာ ကျင်းပပြီးစီးကြောင်း သတင်းရရှိသည်။
သတင်းစဉ်