စိုက်ပျိုးရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးနှစ်ဆင့်ချေးငွေစီမံကိန်း ဦးဆောင်ကော်မတီ အစည်းအဝေးကျင်းပ

နေပြည်တော် ၊  ဇန်နဝါရီ  ၁၁   

စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်က အကောင်အထည် ဖော် ဆောင်ရွက်လျက်ရှိသော စိုက်ပျိုးရေးနှင့်ကျေးလက်ဒေသဖွံ့ဖြိုးရေးနှစ်ဆင့်‌ချေးငွေစီမံကိန်း ဦးဆောင်ကော်မတီ၏ (၃၂) ကြိမ်မြောက်အစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် ပြည်ထောင်စု ဝန်ကြီးရုံး၊ အစည်းအဝေးခန်းမ၌  ကျင်းပရာ စီမံကိန်းဦးဆောင်ကော်မတီဥက္ကဌ၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမင်းထွဋ် တက်ရောက်အမှာစကား ပြောကြားသည်။

ဒုတိယဝန်ကြီးက ပြောကြားရာတွင် စိုက်ပျိုးရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးနှစ်ဆင့် ချေးငွေစီမံကိန်းကို ၂၀၁၇ ခုနှစ်၊ ဇူလိုင်လတွင် စတင်ခဲ့ပြီး လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများ ဆောင်ရွက်ရာ၌ လိုအပ်သည့်စက်ကိရိယာများကို ဝယ်ယူအသုံးပြုနိုင်ရန် အတိုးနှုန်းသက်သာစွာ ဖြင့် နှစ်တို (၃) နှစ်၊ နှစ်ရှည် (၅) နှစ် အရစ်ကျပြန်ဆပ်စနစ်ဖြင့် ချေးငွေများထုတ်ချေးပေးလျက်ရှိ ကြောင်း၊ စီမံကိန်းစတင်သည်မှ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၃၁ ရက်အထိ နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး/ပြည်နယ် (၁၄)ခု၊ မြို့နယ် (၁၈၇) ခုမှ တောင်သူ (၅၈၁၆) ဦး သို့ ချေးငွေ ကျပ် (၂၄၇၄၄၈.၀၇၂) သန်း ထုတ်ချေးပေးထားပြီး ၂၀၂၄-၂၀၂၅ ခုနှစ်အတွင်းတွင် တိုင်းဒေသကြီး/ ပြည်နယ် (၄) ခုရှိ ခရိုင်/မြို့နယ် (၁၉) ခုတို့မှ တောင်သူ (၆၁) ဦးသို့ ချေးငွေကျပ် (၅၄၈၁.၂၀) သန်း ထုတ်ချေးခဲ့ကြောင်း၊ ချေးငွေရယူလိုသည့်တောင်သူများသို့ ချေးငွေသစ်များ ထုတ်ချေးနိုင် ရေးနှင့် ချေးငွေပမာဏတိုးမြှင့်ထုတ်ချေးနိုင်ရေးတို့ကို ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ ချေးငွေအစီအစဉ် ကောင်းမွန်စွာလည်ပတ်နိုင်ခြင်းဖြင့် တောင်သူများ၏ ဝင်ငွေတိုးတက်လာ စေပြီး လယ်ယာ ကဏ္ဍဖွံ့ဖြိုးရေးကို အထောက်အကူပြုနိုင်မည်ဖြစ်ကြောင်း၊ ထို့ပြင် မြန်မာ့ လယ်ယာဖွံ့ဖြိုးရေးဘဏ် (ရုံးချုပ်) နှင့် ဘဏ်ခွဲအဆင့်ဆင့်အနေဖြင့် Evaluation & Monitoring ကို စဉ်ဆက်မပြတ်ပြုလုပ်ပြီး ထုတ်ချေးထားသည့်ချေးငွေများ သတ်မှတ်ကာလအတွင်း အပြည့် အဝပြန်လည် ကောက်ခံရရှိစေရေးအတွက် နည်းလမ်းရှာကြံဆောင်ရွက်ရန် လိုအပ်ကြောင်း၊ စီမံကိန်းအောင်မြင်ရေးအတွက် တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့များ၊ ဆက်စပ်ဌာနများနှင့် စဉ်ဆက် မပြတ် ပူးပေါင်းဆောင်ရွက်သွားရန်နှင့် ချေးငွေအစီအစဉ်တွင် လယ်ယာသုံးစက်ကိရိယာ ပါဝင်ရောင်းချသည့်ကုမ္ပဏီများအနေဖြင့်လည်း လိုက်နာရမည့် စည်းကမ်းသတ်မှတ်ချက်များ နှင့်အညီ ပူးပေါင်းဆောင်ရွက်ကြရန် လိုအပ်ကြောင်း ဆွေးနွေးမှာကြားသည်။ 

ဆက်လက်၍ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် ဦးဆောင်ညွှန်ကြားရေးမှူး ဦးမင်းသူနှင့် တာဝန်ရှိသူများက Two Step Loan ချေးငွေထုတ်ချေးထားမှုအခြေအနေ၊ ဆက်လက်ဆောင် ရွက်မည့်အစီအစဉ်များအား တင်ပြဆွေးနွေးကြရာ ကော်မတီဉက္ကဋ္ဌက လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးပါသည်။

အစည်းအဝေးသို့ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်တို့မှ ကော်မတီအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။                                                    
သတင်းစဉ်