စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ အမျိုးသားမှတ်တမ်းများမော်ကွန်းတိုက်ဦးစီးဌာန၏ ဌာနတွင်း အရာထမ်း၊ အမှုထမ်းများအားမှတ်တမ်းမော်ကွန်းများပြုပြင်ထိန်းသိမ်းခြင်းနှင့် မိုက်ကရိုဖလင် ရိုက်ကူး ရေးနည်းပညာသင်တန်း ဖွင့်ပွဲအခမ်းအနားကို ၂၀၂၅ခုနှစ်၊ ဇန်နဝါရီလ(၁၃)ရက်နေ့ နံနက် ၁၀:၀၀ နာရီ တွင် အမျိုးသားမှတ်တမ်းများမော်ကွန်းတိုက်ဦးစီးဌာန(ရန်ကုန်ရုံးခွဲ)၌ ကျင်းပရာ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမျိုးမင်းကြည်ဝင်းက အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။
သင်တန်းဖွင့်ပွဲသို့ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ညွှန်ကြားရေးမှူးများ၊ တာဝန်ရှိသူများ၊ သင်တန်းနည်းပြများနှင့် သင်တန်းသား/သင်တန်းသူများ တက်ရောက်ကြပါသည်။
ညွှန်ကြားရေးမှူးချုပ်က အဖွင့်အမှာစကားပြောကြားရာတွင် ဦးစီးဌာန၏ အဓိက လုပ်ငန်း တာဝန်များတွင် မှတ်တမ်း၊ မော်ကွန်းများကို ရေရှည်တည်တံ့စေရန် ပြုပြင်ထိန်းသိမ်းခြင်း၊ မိုက်ကရိုဖလင်ရိုက်ကူးထိန်းသိမ်းခြင်းနှင့် ပြောင်းလဲလာသည့်နည်းပညာတို့နှင့်အညီ ထိန်းသိမ်း ဆောင်ရွက်ခြင်းတို့ပါဝင်ကြောင်း၊ ယခုဖွင့်လှစ်ပေးသည့်သင်တန်းသည် မိမိတို့ဦးစီးဌာနတွင် မှတ်တမ်း၊ မော်ကွန်းများကို ရေရှည်တည်တံ့စေရေးအတွက် ပြုပြင်ရန်လိုအပ်သည့် အထောက်အထားများကိုပြုပြင် ထိန်းသိမ်းမှုနည်းလမ်းများနှင့်အညီ ပြုပြင်ခြင်းနှင့်ထိန်းသိမ်းမှုပြုရာတွင် အခိုင်မာဆုံးဖြစ်သည့် မိုက်ကရိုဖလင်ဖြင့် ရိုက်ကူးထိန်းသိမ်းမှု၊ ဖလင်ဆေးခြင်းနည်းပညာရပ်များကို စာတွေ့၊ လက်တွေ့သင်ကြားပေးမည့် သင်တန်းဖြစ်ကြောင်း၊ သင်တန်းတွင် လက်တွေ့သင်ယူရန် အသုံးပြုရသည့် သင်ထောက်ကူပစ္စည်းများသည် စရိတ်မြင့်မားသော်လည်း သင်တန်းသားများအနေဖြင့် လုပ်ငန်းခွင်တွင် အသုံးဝင်၍များစွာအကျိုးရှိပြီး လက်တွေ့လုပ်ငန်းနယ်ပယ်တွင် တိကျမှန်ကန်စွာဆောင်ရွက်သွားနိုင်မည့် အသိပညာ၊ ဗဟုသုတများကိုရရှိစေမည်ဖြစ်၍ လုပ်ငန်းခွင်စွမ်းရည်တိုးတက်မြင့်မားလာမည်ဖြစ်ကြောင်းပြောကြားပါသည်။
အဆိုပါသင်တန်းကို ၂၀၂၅ခုနှစ်၊ ဇန်နဝါရီလ(၁၃)ရက်မှ(၁၇)ရက်အထိ ဖွင့်လှစ်မည်ဖြစ်ပြီး နေပြည်တော်ရုံးချုပ်နှင့် ရန်ကုန်ရုံးခွဲတို့မှ သင်တန်းသား/သင်တန်းသူ စုစုပေါင်း(၂၀)ဦး တက်ရောက်လျက်ရှိပါသည်။