လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်သူ့အင်အားဦးစီးဌာန၏ သန်းခေါင်စာရင်းအစီရင်ခံစာများ ပြုပြင်ထိန်းသိမ်းခြင်းနှင့်ပတ်သက်သည့် ညှိနှိုင်းအစည်းအဝေးကျင်းပခြင်း

နိုင်ငံတော်အတွက် အရေးကြီးသည့်လုပ်ငန်းဖြစ်ပြီး တိကျမှန်ကန်သော လူဦးရေစာရင်း ရရှိစေရန် လူဦးရေသန်းခေါင်စာရင်း ကောက်ယူခြင်းလုပ်ငန်းကို လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဌာန၊ ပြည်သူ့အင်အားဦးစီးဌာနမှ ဆောင်ရွက်လျက်ရှိပါသည်။ ၎င်းတို့ဌာနတွင် ကိုလိုနီ အစိုးရလက်ထက် ကောက်ယူခဲ့သော သန်းခေါင်စာရင်းအစီရင်ခံစာများကို ရေရှည်ထိန်းသိမ်းနိုင်ရေးအတွက် အမျိုးသားမှတ်တမ်းများမော်ကွန်းတိုက်ဦးစီးဌာန၌ ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်း ဆောင်ရွက်နိုင်ရန် ညှိနှိုင်း အစည်းအဝေးကို (၂၀-၈-၂၀၂၄) ရက်နေ့ နံနက် (၁၀:၀၀) နာရီတွင် အမျိုးသားမှတ်တမ်းများ မော်ကွန်းတိုက်ဦးစီးဌာန (ရုံးချုပ်) အစည်းအဝေးခန်းမ (Bဆောင်) ၌ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမျိုးမင်းကြည်ဝင်းက ဦးဆောင်ကျင်းပခဲ့ပါသည်။

အစည်းအဝေးသို့ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်သူ့အင်အားဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာခိုင်ခိုင်စိုး၊ ညွှန်ကြားရေးမှူး ဦးဇော်မင်းလတ်နှင့် လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်အေးသိင်္ဂီဝင်း၊ အမျိုးသားမှတ်တမ်းများမော်ကွန်းတိုက်ဦးစီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ပြီး ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမျိုးမင်းကြည်ဝင်းက အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။         

အဆိုပါအစည်းအဝေးတွင် သန်းခေါင်စာရင်းအစီရင်ခံစာများသည် နှစ်ကာလကြာရှည်လာပြီး ဟောင်းနွမ်းပျက်စီးလာသဖြင့် ရေရှည်ထိန်းသိမ်းနိုင်ရေးအတွက် ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်း ဆောင်ရွက်နိုင်ရေးနှင့် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနအနေဖြင့် ထာဝစဉ်ထိန်းသိမ်း ရန်လိုအပ်သော မှတ်တမ်းများကို အမျိုးသားမှတ်တမ်းများမော်ကွန်းတိုက်ဦးစီးဌာနသို့ လွှဲပြောင်း ပေးခြင်းဖြင့် နောင်တစ်ချိန်တွင် ပြန်လည်ကိုးကားနိုင်ရန်အတွက် ပူးပေါင်းဆောင်ရွက် ပေးနိုင်ရန် ဆွေးနွေးခဲ့ကြပြီး ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမျိုးမင်းကြည်ဝင်းက နိဂုံးချုပ်အမှာစကား ပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းခဲ့ပါသည်။

 

, , , , , ,