“မြန်မာနိုင်ငံ၏ ကလေးတိုင်းအတွက် ဖွံ့ဖြိုးမှု မျှော်မှန်းချက် ပြည့်မီရေး”ဆိုင်ရာ အကြိုညှိနှိုင်းအစည်းအဝေးကျင်းပခြင်း

၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ (၂၁) ရက်

စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဗဟိုစာရင်းအင်းအဖွဲ့နှင့် ကုလသမဂ္ဂအပြည်ပြည် ဆိုင်ရာ ကလေးများရန်ပုံငွေအဖွဲ့(UNICEF)တို့ ပူးပေါင်းဆောင်ရွက်သည့် “မြန်မာနိုင်ငံ၏ ကလေးတိုင်းအတွက် ဖွံ့ဖြိုးမှုမျှော်မှန်းချက်ပြည့်မီရေး” ဆိုင်ရာ အကြိုညှိနှိုင်း အစည်းအဝေးကို ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ(၂၁)ရက်နေ့ နံနက်(၀၉:၃၀)နာရီတွင် ရုံးအမှတ်(၃၂)၊ အစည်းအဝေး ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဆက်အောင်မှ အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။

စီမံကိန်းနှင့်  ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဆက်အောင် မှ အဖွင့်အမှာစကား ပြောကြားရာတွင် ယခုပြုလုပ်သည့် လုပ်ငန်းညှိနှိုင်း အစည်းအဝေးသည် ၂၀၁၆ ခုနှစ်၊ အောက်တိုဘာလတွင် ဗဟိုစာရင်းအင်းအဖွဲ့နှင့် ကုလသမဂ္ဂအပြည်ပြည်ဆိုင်ရာ ကလေးများ ရန်ပုံငွေအဖွဲ့(UNICEF)တို့ ပူးပေါင်းကျင်းပခဲ့သည့် ကလေးများအတွက် “မျှော်မှန်းချက်အသစ်၊ ရလဒ်အသစ်” (New Vision၊ New Results for Children) အဆင့်မြင့်ညီလာခံမှ ရရှိလာသည့် မူဝါဒဆိုင်ရာ အကြံပြုချက်များမှ အကောင်အထည်ဖော် ဆောင်ရွက်ပြီးစီးခဲ့သည့် လုပ်ငန်းစဉ်များနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များအား ဆွေးနွေးညှိနှိုင်းနိုင်ရန်နှင့် လေ့လာသုံးသပ်ဆွေးနွေးမှု ရလဒ်များအပေါ် မူဝါဒဆိုင်ရာ အကြံပြုချက်များအရ မြန်မာနိုင်ငံရှိ ကလေးများ၏ အဓိကတိုးတက်မှု ရလဒ်များကိုဖော်ထုတ်ရန် ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသောဖွံ့ဖြိုးတိုးတက်မှု စီမံကိန်း (Myanmar Sustainable Development Plan - MSDP) အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် မဟာဗျူဟာများ၊ လုပ်ငန်းစဉ်များနှင့် လုပ်ငန်းအစီအစဉ်များအတွက် လိုအပ်သည့် စီမံကိန်းများ ထည့်သွင်း တည်ဆောက်၍ ခွဲခြမ်းစိတ်ဖြာမှုများ ပြုလုပ်ပြီး Project Bank အောက်တွင်ထားရှိ၍ ပွင့်လင်းမြင်သာစေရန် ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း  ပြောကြားခဲ့ပါသည်။

ဆက်လက်၍ UNICEF ဌာနေကိုယ်စားလှယ်၊ Ms. June Kunugi မှ နှုတ်ခွန်းဆက် အမှာစကား ပြောကြားခဲ့ပါသည်။

ထို့နောက် ဗဟိုစာရင်းအင်းအဖွဲ့၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာဝါဝါမောင်မှ “မျှော်မှန်းချက်အသစ်၊ ရလဒ်အသစ်”(New Vision၊ New Results for Children) အဆင့်မြင့်ညီလာခံမှ ဆွေးနွေးခဲ့သည့် အချက်အလက်များအပေါ်  မူဝါဒဆိုင်ရာ သုံးသပ်ချက်များ နှင့် စပ်လျဉ်း၍  ရှင်းလင်းပြောကြားခဲ့ပါသည်။

စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးထွန်းထွန်းနိုင် မှ ဦးဆောင်၍ ဆက်လက်ဆွေးနွေးခဲ့ရာ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေး ဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာမြင့်မြင့်သန်းမှ “ကလေးတိုင်းအတွက် ဘဝကို အကောင်းဆုံးနည်းလမ်းဖြင့် စတင်နိုင် အောင်ဆောင်ရွက် ပေးရေး” Ensuring the best start in life for every child ခေါင်းစဉ်ဖြင့် လည်းကောင်း၊ ပညာရေးဝန်ကြီးဌာန၊ ပညာရေး သုတေသန စီမံကိန်းနှင့် လေ့ကျင့်ရေးဦးစီဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်မူမူအောင်မှ “ကလေးတိုင်းအတွက်အရည်အသွေးမီ ပညာသင်ကြားခွင့်ရရှိစေရေး” Meeting the right to quality education for every child ခေါင်းစဉ်ဖြင့် လည်းကောင်း၊   ပြည်ထဲရေးဝန်ကြီးဌာန၊ လူကုန်ကူးမှုတားဆီးနှိမ်နှင်းရေးရဲတပ်ဖွဲ့၊ ရဲမှူးချုပ်ဦးမြင့်ထူးမှ “ကလေးများအားအကြမ်းဖက်မှု၊ လူကုန်ကူးမှုနှင့် ခေါင်းပုံဖြတ် အမြတ်ထုတ်မှုများမှ ကာကွယ်စောင့်ရှောက်ပေးရေး” Protecting children against violence, abuse, trafficking and exploitation ခေါင်းစဉ်ဖြင့် လည်းကောင်း၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာစန်းစန်းအေးမှ “ကလေးများ၏ ဆင်းရဲမှုနှင့် သဘာဝဘေးအန္တရာယ်များ ကျရောက်မှုကြောင့် ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချ ပေးရေးနှင့် ကလေးသူငယ်ကာကွယ် စောင့်ရှောက်ပေးရေး” Reducing child vulnerabilities to poverty and external shocks: social protection, disaster risk reduction, preparedness ခေါင်းစဉ်ဖြင့် လည်းကောင်း၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ရသုံးမှန်းခြေ ငွေစာရင်းဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးဇော်နိုင်မှ “ထိရောက်သော စီမံချက်များ ဖြစ်စေရေးနှင့် ရန်ပုံငွေ ခွဲဝေချထားပေးရေး” Evidence and budgets as catalytic factors ခေါင်းစဉ်ဖြင့် လည်းကောင်း အသီးသီးဆွေးနွေးခဲ့ကြပါသည်။

ဆက်လက်၍ Parallel Group Discussion ကို ဆက်လက်ပြုလုပ်ရာ Discussion Session တွင် ခေါင်းစဉ်များအလိုက် ဆွေးနွေးတင်ပြချက်များအပေါ်  အုပ်စုအလိုက် ပြန်လည် ဆွေးနွေးတင်ပြခဲ့ကြပါသည်။

ထိုနောက် UNICEF ဒုတိယဌာနေကိုယ်စားလှယ်၊ Mr. Paul Edwards  မှ ဦးဆောင်၍ အုပ်စုအလိုက် မိမိတို့သက်ဆိုင်ရာခေါင်းစဉ်ဖြင့် ဆွေးနွေးချက်များအပေါ် Presentation ပြုလုပ် ပြသခဲ့ကြ ပါသည်။

အဆိုပါ အစည်းအဝေးသည် မြန်မာနိုင်ငံရှိ ကလေးများအတွက် ၂၀၁၆ ခုနှစ်မှစတင်၍ ရရှိထားသော အဓိက တိုးတက်မှုရလဒ်များကို ဖော်ထုတ်ရန်၊ MSDP မဟာဗျူဟာများနှင့် ကိုက်ညီမှု ရှိ/မရှိ သုံးသပ်ဆွေးနွေးရန်၊ MSDP နှင့် သက်ဆိုင်ရာ ကဏ္ဍအလိုက် ဆက်စပ် စီမံကိန်းများကို အကောင်အထည်ဖော်မှုသည် SDGs သဘောတရားနှင့်အညီ မြန်မာနိုင်ငံရှိ ကလေးတိုင်း ဖွံ့ဖြိုးတိုးတက်အောင် အရှိန်အဟုန်မြှင့် ဆောင်ရွက်နိုင်မည့် နယ်ပယ်များကို သတ်မှတ်ဖော်ထုတ်ရန် ရည်ရွယ်၍ ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီ ၂၈ ရက်နေ့တွင်  ကျင်းပပြုလုပ်မည့် “မြန်မာနိုင်ငံ၏ ကလေးတိုင်းအတွက် ဖွံ့ဖြိုးမှုမျှော်မှန်းချက် ပြည့်မီရေးအဆင့်မြင့်ဖိုရမ်” အတွက် အကြိုညှိနှိုင်းဆောင်ရွက်ခြင်း ဖြစ်ပါ သည်။

အစည်းအဝေးသို့ သက်ဆိုင်ရာဝန်ကြီးဌာနများရှိ ဦးစီးဌာနများမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ဖွံ့ဖြိုးမှုမိတ်ဖက်အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များနှင့် ဗဟိုစာရင်းအင်းအဖွဲ့မှ တာဝန် ရှိသူများ အပါအဝင် စုစုပေါင်း(၂၀၀)ဦးခန့် တက်ရောက်ခဲ့ပါသည်။

(သတင်းစဉ်)

, ,