နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေစီမံခန့်ခွဲမှုကော်မတီ(၁/၂၀၂၅) ကြိမ်မြောက် ညှိနှိုင်းအစည်းအဝေး ကျင်းပ

နေပြည်တော် ဖေဖော်ဝါရီ  ၅
နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေစီမံခန့်ခွဲမှုကော်မတီ (၁/၂၀၂၅) ကြိမ်မြောက် ညှိနှိုင်းအစည်း အဝေးကို ယနေ့နံနက်ပိုင်းတွင် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ရုံးအမှတ် (၂၆) အစည်းအဝေး ခန်းမ၌ ကျင်းပသည်။
အစည်းအဝေးသို့ ကော်မတီဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်နှင့် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်၊ ကော်မတီအဖွဲ့ဝင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်း ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမင်းထွဋ်၊ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမြင့်စိုး၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမင်းမင်း၊ အမြဲတမ်းအတွင်းဝန်များနှင့် ဌာနအကြီးအကဲများ တက်ရောက်ကြသည်။
ဦးစွာ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌက ကုန်ထုတ်လုပ်မှုဗဟိုချက်ဖြစ်သည့် တိုင်းဒေသကြီးများတွင် အသား၊ ဉထုတ်လုပ်ရန်၊ နေရောင်ခြည်ကောင်းစွာရသည့် တိုင်းဒေသကြီးများတွင် ဆိုလာစီမံကိန်းများဆောင်ရွက်ရန်နှင့် ကုန်ထုတ်လုပ်မှုတိုးမြှင့်နိုင်ရန်အတွက် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ ပံ့ပိုးကူညီသွားရန်ရှိကြောင်း၊  နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ တိုင်း ဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့ ၁၄ခုနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း/ဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ ၆ခုသို့ ၂၀၂၂ ခုနှစ် စက်တင်ဘာ ၁ရက်မှ ၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၃၁ရက်အထိ ချေးငွေများထုတ်ချေးထားရှိမှု၊ ချေးငွေပြန်လည်ပေးဆပ်မှုအခြေအနေ၊ သဘာဝဘေးအန္တရာယ်များကြောင့် ချေးငွေအရင်း/အတိုး ဆိုင်းငံ့ပေးခဲ့မှုများ၊ ဧရာဝတီတိုင်းဒေသကြီးအတွင်း ရေကြီးနစ်မြှုပ်မှုကြောင့် ထိခိုက်ပျက်စီးသွားသော မိုးစပါးစိုက်ဧရိယာများ အမြန်ပြန်လည် စိုက်ပျိုးနိုင်ရေးအတွက် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေမှ ချေးငွေထုတ်ချေးပေးခဲ့မှုအခြေအနေများကို သုံးသပ်မှတ်တမ်းတင်ရန်၊ ချေးငွေများ ထုတ်ချေးရာတွင် ဘဏ္ဍာရေးလုပ်ထုံးလုပ်နည်းများနှင့်အညီထုတ်ချေးနိုင်ရေး၊ ချေးငွေစာရင်းဇယား များကိုစနစ်တကျပြုစု၍ သက်ဆိုင်ရာတိုင်းဒေသကြီး/ပြည်နယ်များမှ ရန်ပုံငွေစီမံခန့်ခွဲမှုကော်မတီများက ကြပ်မတ်ဆောင်ရွက်ရေးနှင့် မှတ်တမ်းတင်ထားရှိနိုင်ရေး၊ လုပ်ငန်းဆောင်ရွက်မှုများနှင့် စပ်လျဉ်း၍ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၏စစ်ဆေးတွေ့ရှိချက်များအပေါ် လိုက်နာဆောင်ရွက်မှုပြီးစီးမှုအခြေအနေများနှင့် တွေ့ကြုံရသည့်အခက်အခဲများကို ဆွေးနွေးကြရန်ဖြစ်ကြောင်း ပြောကြားပါသည်။
ထို့နောက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် အစည်းအဝေးတက်ရောက်လာကြသူများက ၂၀၂၃-၂၀၂၄ ခုနှစ် အတွင်း နွေစပါးစီမံကိန်း၊ မိုးစပါး စီမံကိန်း၊ ဆီထွက်သီးနှံ (မြေပဲ၊ နှမ်း၊ နေကြာ) စီမံကိန်းအကောင်အထည်ဖော်ဆောင်ရွက်ခဲ့မှု၊ ၂၀၂၄-၂၀၂၅  ခုနှစ်အတွင်း   မိုးစပါးချေးငွေနှင့်   မိုးမြေပဲသီးနှံချေးငွေထုတ်ချေးရေးစာချုပ်ချုပ်ဆို ဆောင်ရွက်နေမှုအခြေအနေ၊ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ မွေးမြူရေးချေးငွေများ ထုတ်ချေးနေမှုအခြေအနေနှင့် စိုက်ပျိုးရေရရှိရေးစီမံကိန်းဆောင်ရွက်နေမှုအခြေအနေ၊ ဆီစက်လုပ်ငန်းများ ဖွံ့ဖြိုးရေးချေးငွေထုတ်ချေးနိုင်မှုနှင့် ချေးငွေတိုးမြှင့်ထုတ်ချေးနိုင်ရေးဆိုင်ရာ ကိစ္စရပ်များကို ရှင်းလင်းဆွေးနွေးတင်ပြကြပါသည်။
ဆက်လက်၍ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေစီမံခန့်ခွဲမှုကော်မတီ အတွင်းရေးမှူးက  (၃/၂၀၂၄) ကြိမ်မြောက် အစည်းအဝေးဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ပြီးစီးမှုများနှင့် ယခုအစည်းအဝေးတွင် မှတ်တမ်းတင်ရန်နှင့် အတည်ပြုဆုံးဖြတ်ရမည့်ကိစ္စရပ်များကိုလည်းကောင်း၊ ကော်မတီအဖွဲ့ဝင်များက စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနနှင့် တိုင်းဒေသကြီးနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအချိုတို့မှ တင်ပြလာကြသော ချေးငွေသက်တမ်းတိုးမြှင့်ခွင့်ပြုရေးဆိုင်ရာကိစ္စရပ်များ၊ စိုက်ပျိုးရေရရှိရေးလုပ်ငန်းများ ဆောင်ရွက်ရန် စက်ရေတွင်းတူးဖော်ခြင်း၊ ရေတင်စက်တပ်ဆင်ခြင်းနှင့် ဆိုလာစနစ်တည်ဆောက်ခြင်းတို့အတွက် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ခွင့်ပြုပါရန် တင်ပြလာသည့်ကိစ္စရပ်များ၊ ရန်ပုံငွေလွှဲပြောင်းသုံးစွဲထုတ်ချေးခွင့်ရရှိရေး တင်ပြလာသည့်ကိစ္စရပ်များကိုလည်းကောင်း ဆွေးနွေးတင်ပြကြရာ အစည်းအဝေးသို့တက်ရောက်လာသူများက ဝိုင်းဝန်းအကြံပြုဆွေးနွေးခဲ့ကြပြီး၊ ကော်မတီဥက္ကဌက လိုအပ်သည်များကို ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးပါသည်။
နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေစီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌက နိဂုံးချုပ်အနေဖြင့် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ အစိုးရလက်ထက်တွင် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေကို ထူထောင်၍ နွေစပါး၊ မိုးစပါးနှင့် ဆီထွက်သီးနှံများ အထွက်တိုးရေး၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးထွက်ကုန်များ တိုးမြှင့်ထုတ်လုပ်နိုင်ရေးအတွက် အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိရာ ထိရောက်အကျိုးရှိသည့် အစီအစဉ်တစ်ရပ်ဖြစ်ပါကြောင်း၊ သို့ဖြစ်ရာ ချေးငွေများဆုံးရှုံးမှုမရှိစေရေး၊ ချေးငွေများ ထိရောက် စွာအသုံးပြုနိုင်ရေးနှင့် လုပ်ငန်းများအောင်မြင်ရေးအတွက် သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် တိုင်းဒေသကြီး/ပြည်နယ်အစိုးရများက မိမိတို့တာဝန်ယူရသည့်နယ်မြေတွင်  နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေ စီမံခန့်ခွဲမှုကော်မတီများအား စနစ်တကျ တာဝန်များပေးအပ်ပြီး ကြပ်မတ်ဆောင်ရွက်ကြရန် တိုက်တွန်းမှာကြားသည်။
နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ စီမံခန့်ခွဲမှုကော်မတီအနေဖြင့် တိုင်းဒေသကြီး/ပြည်နယ် အစိုးရအဖွဲ့များ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း/ဒေသစီမံ အုပ်ချုပ်ရေးအဖွဲ့များနှင့် လက်တွဲပူးပေါင်းပြီး၊ နိုင်ငံတော်မှထောက်ပံ့ပေးသော နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေကို အသုံးပြုကာ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ၏ စီးပွားရေးဦးတည်ချက်(၃)ရပ်ကို အောင်မြင်အောင် ကြိုးပမ်းအကောင် အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
သတင်းစဉ်