ရန်ကုန် ၊ ဒီဇင်ဘာ ၂၄
စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမင်းထွဋ်သည် ယမန်နေ့၊ နေ့လယ်ပိုင်းတွင် ရန်ကုန်မြို့ရှိ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် (ရုံးချုပ်) သို့ သွားရောက်၍ ဝန်ထမ်းများနှင့်တွေ့ဆုံကာ ဘဏ်လုပ်ငန်းဆောင်ရွက်နေမှုများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပါသည်။
ဦးစွာ ဒုတိယဝန်ကြီးအား မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၊ ဦးဆောင်ညွှန်ကြားရေးမှူးနှင့် အထွေထွေမန်နေဂျာများ၊ ဌာနတာဝန်ခံ ဒုတိယအထွေထွေမန်နေဂျာများက ဘဏ်လုပ်ငန်းဆောင်ရွက်နေမှုများအား ရှင်းလင်းတင်ပြရာ ဒုတိယဝန်ကြီးက မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်သည် ခေတ်အဆက်ဆက်တွင် နိုင်ငံတစ်ဝန်းလုံးရှိ တောင်သူလယ်သမားများကို စိုက်ပျိုးစရိတ်အရင်းအနှီးများ အဓိကပံ့ပိုးထုတ်ချေးပေးလျက်ရှိသည့် နိုင်ငံတော်ဘဏ်ကြီးတစ်ဘဏ်ဖြစ်ကြောင်း ၊ Customer များဖြစ်ကြသည့် တောင်သူများအပေါ် စေတနာထား၍ ဘဏ်လုပ်ငန်းဝန်ဆောင်မှုများ ပေးကြရန်လိုကြောင်း၊ ထုတ်ချေးငွေအပေါ်တွင်လည်းကောင်း၊ တောင်သူများကပြန်လည်ပေးဆပ်သည့်ငွေများ အပေါ်တွင်လည်းကောင်း ငွေကြေးအလွဲသုံးစားမှုများ မရှိစေရေးအတွက် တာဝန်ရှိသူများက အဆင့်ဆင့်ထိရောက်စွာကြီးကြပ်စစ်ဆေးဆောင်ရွက်ကြရန်ဖြစ်ကြောင်း၊ ဘဏ်နှင့်ဆက်သွယ်သူတောင်သူ ဦးရေများပြားသည်နှင့်အမျှ ကြွေးကျန် (NPL) များလည်း ဖြစ်ပေါ်နေသဖြင့် ကြွေးကျန်များ ပြန်လည်ကောက်ခံရရှိရေးကိုလည်း သက်ဆိုင်ရာခရိုင်နှင့် မြို့နယ်ချေးငွေအကြံပေးအဖွဲ့များနှင့် ညှိနှိုင်းပေါင်းစပ်၍ ထိရောက်စွာ စီမံဆောင်ရွက်ကြရန်လိုကြောင်း လမ်းညွှန်မှာကြားခဲ့ပါသည်။
သတင်းစဉ်