ရန်ကုန်၊ စက်တင်ဘာ ၁၀
တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ အပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ပြပွဲကျင်းပရေး ကော်မတီ၏ ဖိတ်ကြားချက်အရ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဒုတိယ ဝန်ကြီး ဒေါ်သန်းသန်းလင်း ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၊ ရှမန်မြို့၌ ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၇ ရက်မှ ၁၁ ရက်အထိ ကျင်းပသည့် (၂၄) ကြိမ်မြောက် တရုတ်အပြည်ပြည်ဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်စည်ပြပွဲ (The 24th China International Fair for Investment and Trade-CIFIT) သို့ တက်ရောက်ခဲ့ပြီး ယနေ့ ညနေပိုင်းတွင် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိခဲ့သည်။
အဆိုပါပြပွဲသို့ နိုင်ငံပေါင်း ၁၀၀ ကျော်၏ အစိုးရအဖွဲ့အစည်းများမှ အဆင့်မြင့် အရာရှိ ကြီးများ၊ ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေးအေဂျင်စီများမှ ကိုယ်စားလှယ်များ၊ ကမ္ဘာတစ်ဝှမ်းရှိ နိုင်ငံတကာ စီးပွားရေးလုပ်ငန်း/အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ ပါဝင်တက်ရောက်ခဲ့ကြသည်။
၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၇ ရက်၊ နံနက်ပိုင်းတွင် ကျင်းပသော တရုတ်နိုင်ငံ ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေးအေဂျင်စီများ ဖက်ဒရေးရှင်း၏ (၂၂) ကြိမ်မြောက် နှစ်ပတ်လည် ညီလာခံ အခမ်းအနားသို့ ဒုတိယဝန်ကြီး ဦးဆောင်သောမြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့ပြီး၊ ဒုတိယဝန်ကြီးက မြန်မာနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းစဉ်များ၊ ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေးနှင့် ပူးပေါင်းဆောင်ရွက်နိုင်မည့် အခြေအနေများကို ဆွေးနွေးပြောကြားခဲ့သည်။
ဆက်လက်၍ ဒုတိယဝန်ကြီးသည် စက်တင်ဘာလ ၈ ရက်၊ နံနက်ပိုင်းတွင် ကျင်းပသော (၂၄) ကြိမ်မြောက် တရုတ်အပြည်ပြည်ဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်စည်ပြပွဲ ဖွင့်ပွဲ အခမ်းအနားသို့ ပါဝင်တက်ရောက်ခဲ့သည်။ ထို့နောက် နေ့လယ်ပိုင်းတွင် ကျင်းပသော ဒေသတွင်း ဘက်စုံစီးပွားရေး ပူးပေါင်းဆောင်ရွက်မှု (Regional Comprehensive Economic Partnership–RCEP) ဆွေးနွေးပွဲသို့ ပါဝင်တက်ရောက်၍ ဒေသတွင်းဘက်စုံ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု၏ အကျိုးကျေးဇူးများ၊ မြန်မာနိုင်ငံအနေဖြင့် RCEP တွင် ပါဝင်ဆောင်ရွက်လျက်ရှိသည့် အခြေအနေများနှင့် ရှေ့ဆက် ဆောင်ရွက်နိုင်မည့် လုပ်ငန်းစဉ်များကို ဆွေးနွေးပြောကြားခဲ့သည်။
ထို့အပြင် ဒုတိယဝန်ကြီး ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ရှမန်မြို့ရှိ လွတ်လပ်သောကုန်သွယ်မှုဇုန်နှင့် အသေးစား၊ အလတ်စားစက်မှုလုပ်ငန်းများသို့ လည်းကောင်း၊ "Invest in China Dialogues between Specialized and New Enterprises and Hidden Champions" Expo သို့လည်းကောင်း သွားရောက်ကြည့်ရှုလေ့လာခဲ့ကြကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)