စီမံကိန်းရေးဆွဲရေးဦးစီးဌာန၊ အရာထမ်းများလုပ်ငန်းစွမ်းဆောင်ရည် မြှင့်တင်ရေးမွမ်းမံ သင်တန်းအမှတ်စဉ် (၂/၂၀၂၄-၂၀၂၅)သင်တန်းဆင်းပွဲအခမ်းအနားသို့ စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး တက်ရောက်လမ်းညွှန်မှာကြား

နေပြည်တော်၊ စက်တင်ဘာ ၄
စီမံကိန်းရေးဆွဲရေးဦးစီးဌာန၊ အရာထမ်းများလုပ်ငန်းစွမ်းဆောင်ရည်မြှင့်တင်ရေး မွမ်းမံသင်တန်း အမှတ်စဉ် (၂/၂၀၂၄-၂၀၂၅) သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့ ညနေ ၄:၃၀ နာရီတွင် နေပြည်တော်ကောင်စီနယ်မြေရှိ စီမံကိန်းရေးဆွဲရေးဦးစီးဌာန၊ သင်တန်းကျောင်း၌ ကျင်းပရာ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါ်သန်းသန်းလင်း တက်ရောက်၍ လမ်းညွှန်အမှာစကားပြောကြားပါသည်။

သင်တန်းဆင်းပွဲသို့  စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနအောက်ရှိ  ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် သက်ဆိုင်ရာ တာဝန်ရှိပုဂ္ဂိုလ်များ တက်ရောက်ပါသည်။

ဒုတိယဝန်ကြီးက စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနသည် နိုင်ငံတော်၏ မူဝါဒများကို လိုက်နာအကောင်အထည်ဖော် ဆောင်ရွက်သည့်ဌာနဖြစ်ရာ နိုင်ငံတော်၏ မူဝါဒများကို သိရှိ နားလည်ရန်လိုအပ်ကြောင်း၊ သို့မှသာ မူဝါဒနှင့်ချိတ်ဆက်ဆောင်ရွက်သည့် စီမံကိန်းလုပ်ငန်းစဉ်များကို ထိရောက်စွာ ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ စီမံကိန်းရေးဆွဲရာတွင် ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်မှုရှိရန် အမြဲကြိုးပမ်းရမည်ဖြစ်ကြောင်း၊ မကြာမီကာလတွင် ဖြည့်စွက်ခွင့်ပြုငွေ တောင်းခံသည့်ကိစ္စနှင့် ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်၊ စီမံကိန်းလုပ်ငန်းစဉ်များ စတင်တော့မည်ဖြစ်သဖြင့် သင်တန်းမှပို့ချသည့် သင်ခန်းစာများကို အကျိုးရှိရှိ ပြန်လည်အသုံးချရမည် ဖြစ်ကြောင်း၊ သင်တန်းပြီးဆုံး၍ မိမိတို့ဒေသများတွင် တာဝန်ထမ်းဆောင်ရာတွင် နိုင်ငံ့ဝန်ထမ်းများပီပီ နိုင်ငံတော်၏သစ္စာကို စောင့်သိရမည်ဖြစ်ကြောင်း၊“ဝန်ထမ်းကောင်းမှ နိုင်ငံကောင်းမည်”ဆိုသည့် ဆောင်ပုဒ်နှင့်အညီ ဝန်ထမ်းကောင်းများဖြစ်စေရေးအတွက် ကြိုးပမ်းအားထုတ်ကျင့်ကြံသွားရန် မှာကြားလိုကြောင်း စသည်ဖြင့် လမ်းညွှန်မှာကြားပါသည်။

အဆိုပါသင်တန်းကို ရက်သတ္တပတ် ၃ ပတ်ကြာဖွင့်လှစ်ခဲ့ပြီး ရုံးချုပ်၊ တိုင်းဒေသကြီး/ ပြည်နယ် စီမံကိန်းဦးစီးရုံးများမှ သင်တန်းသား/သူ ၅၂ ဦး တက်ရောက်ကြောင်းသတင်းရရှိပါသည်။

သတင်းစဉ်