၂၀၂၃-၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ဂုဏ်ထူးရ ကျောင်းသား/ကျောင်းသူများနှင့် ထူးချွန်ဆုရရှိကြသူ ဝန်ထမ်းများအား စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနမှ ဆုချီးမြှင့်ခြင်းနှင့် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ပညာသင်ထောက်ပံ့ကြေး ပေးအပ်ပွဲအခမ်းအနား ကျင်းပ

နေပြည်တော်  ဇူလိုင် ၂၇
စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဝန်ထမ်းမိသားစုများမှ  ၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ဂုဏ်ထူးရ ကျောင်းသား/ကျောင်းသူများနှင့် အလွတ်တန်းဆောင်းပါး ပြိုင်ပွဲဆု၊ သင်တန်းထူးချွန်ဆု၊ အားကစားထူးချွန်ဆုရရှိကြသည့် ဝန်ထမ်းများအား ဆုချီးမြှင့်ခြင်းနှင့် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ပညာသင်ထောက်ပံ့ကြေးပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲတွင် နေပြည်တော်ရှိ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန စုပေါင်းခန်းမ၌ ကျင်းပသည်။

အခမ်းအနားသို့ ဒုတိယဝန်ကြီးချုပ်နှင့် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဦးဝင်းရှိန်၊ ဒုတိယဝန်ကြီး ဒေါ်သန်းသန်းလင်းနှင့် ဌာနဆိုင်ရာအကြီးအကဲများ၊ ထူးချွန်ဆု ရရှိကြသူများ၊ ကျောင်းသား/ကျောင်းသူများနှင့် မိဘများ တက်ရောက်ကြသည်။

ဦးစွာ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်က ယခုကဲ့သို့ ထူးချွန်ဆုရရှိကြ သူများသည် ကြိုးစားအားထုတ်မှု၊ ဇွဲလုံ့လရှိမှုနှင့် ဉာဏ်ရည်ဉာဏ်သွေးပြည့်ဝမှုများကြောင့် ထိုက်တန်သည့်ဆုများကို ရရှိခဲ့ကြသူများဖြစ်ကြောင်း၊ နိုင်ငံတော်အစိုးရအနေဖြင့် အမျိုးသားပညာ ရည်မြင့်မားရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အလေးထား ဆောင်ရွက် လျက်ရှိကြောင်း၊ ယနေ့လူငယ်များသည် နောင်တစ်ချိန်တွင် နိုင်ငံ့တာဝန်များကိုပခုံးပြောင်း တာဝန်ယူပြီး နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်သွားကြရမည့်သူများဖြစ်ကြောင်း၊ ခေတ်မီဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံတည်ဆောက်ရာတွင် ရုပ်ပိုင်းဆိုင်ရာဖွံ့ဖြိုး တိုးတက်မှုနှင့်အတူ လူငယ်များအနေဖြင့် အသိပညာဗဟုသုတမြင့်မားပြီး၊ စိတ်ပိုင်းဆိုင်ရာဖွံ့ဖြိုးတိုးတက်ရန်လည်း အရေးကြီးကြောင်း၊ နည်းပညာသစ်များဖြင့် စိန်ခေါ်မှု၊ပြိုင်ဆိုင်မှုများပြားသည့် ယနေ့ကမ္ဘာကြီးတွင် လူငယ်များအနေဖြင့် အချိန်ကို အကျိုးရှိစွာအသုံးချ၍ အစဉ်ကြိုးစား လေ့လာသင်ယူသွားကြရန် တိုက်တွန်းလိုကြောင်း၊ ပင်ကိုယ်ဗီဇကပင် ဉာဏ်ရည်ဉာဏ်သွေးနှင့်ပြည့်စုံပြီး၊ လုံ့လဝီရိယရှိသူများ ဖြစ်ကြ၍ ယခုကဲ့သို့ထူးချွန်စွာအောင်မြင်ကြခြင်းဖြစ်ရာ နောင်တစ်ချိန်တွင် နိုင်ငံတော်အတွက် အားထားရသည့်လူငယ်များဖြစ်အောင်ကြိုးစားသွားကြမည်ဟု ယုံကြည်မျှော်လင့်ကြောင်း၊ ယခု ကဲ့သို့ ထူးချွန်စွာအောင်မြင်ခဲ့သည့် ကျောင်းသား/ကျောင်းသူများကို ပံ့ပိုးကူညီခဲ့သည့်မိဘများကို လည်း အသိအမှတ်ပြုချီးကျူးလိုပါကြောင်း ပြောကြားပါသည်။

ထို့နောက် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် ဌာနဆိုင်ရာ အကြီးအကဲများက ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် တက္ကသိုလ်ဝင်စာမေးပွဲ၌ ခြောက်ဘာသာ ဂုဏ် ထူးရှင် ခြောက်ဦး၊ ငါးဘာသာဂုဏ်ထူးရှင် ရှစ်ဦး၊ လေးဘာသာဂုဏ်ထူးရှင် ၁၈ ဦး၊ သုံးဘာသာဂုဏ် ထူးရှင် ၁၃ ဦး၊ နှစ်ဘာသာဂုဏ်ထူးရှင် ၁၃ ဦး၊ တစ်ဘာသာဂုဏ်ထူးရှင် ၂၈ ဦး၊ အလွတ်တန်း ဆောင်းပါးပြိုင်ပွဲဆုရရှိသူ တစ်ဦး၊ နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်သင်တန်းများတွင် ထူးချွန်ဆုရရှိသူ ၃၁ ဦး၊ ဝန်ကြီးဌာနအဆင့်သင်တန်းများတွင် ထူးချွန်ဆုရရှိသူ ၂၃ ဦး၊ ၂၀၂၄ ခုနှစ် (၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ဝန်ကြီးဌာနပေါင်းစုံ ဘောလုံးပြိုင်ပွဲနှင့် ဖူဆယ်ပြိုင်ပွဲတွင် ဒုတိယ ဆုရရှိသည့် ဝန်ကြီးဌာနကိုယ်စားပြုအားကစားသမားများကို ဂုဏ်ပြုဆုများနှင့် ၂၀၂၄-၂၀၂၅ ပညာ သင်နှစ်တွင် နေပြည်တော်ရှိ အခြေခံပညာကျောင်းများ၌ ပညာသင်ကြားနေကြသော ဝန်ထမ်း သားသမီးများထံ ပညာသင်ထောက်ပံ့ကြေးများကို ချီးမြှင့်ပေးအပ်သည်။

အခမ်းအနားအပြီးတွင် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီး၊ ဌာန ဆိုင်ရာအကြီးအကဲများသည် ထူးချွန်ဆုရရှိသူများနှင့်အတူ စုပေါင်းမှတ်တမ်း တင်ဓာတ်ပုံရိုက် ကြပြီး၊ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးက ရင်သွေးငယ်များအား ထူးချွန်အောင်ပြုစု ပျိုးထောင်ပေးခဲ့ကြသည့် မိဘဝန်ထမ်းများနှင့် ထူးချွန်ကျောင်းသား/ကျောင်းသူများအား ရင်းရင်း နှီးနှီးနှုတ်ဆက်အားပေးခဲ့ပြီး ဝန်ကြီးဌာနက အခမ်းအနားတက်ရောက်သူများအား ဂုဏ်ပြု နေ့လယ်စာဖြင့် တည်ခင်းဧည့်ခံခဲ့ကြောင်း သတင်းရရှိသည်။      
သတင်းစဉ်