နေပြည်တော် ဒီဇင်ဘာ ၉
စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါ်သန်းသန်းလင်းသည် စီမံကိန်း ရေးဆွဲရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် လိုက်ပါလျက် ၉-၁၂-၂၀၂၃ ရက်နေ့ နံနက်ပိုင်းတွင် နေပြည်တော်၊ ပြည်ထောင်စုနယ်မြေရှိ လယ်ဝေးမြို့နယ်စီမံကိန်းဦးစီးရုံးနှင့် ဒက္ခိဏသီရိမြို့နယ် စီမံကိန်းဦးစီးရုံးများသို့ သွားရောက်စစ်ဆေးသည်။
ဒုတိယဝန်ကြီးသည် လယ်ဝေးမြို့နယ်စီမံကိန်းဦးစီးရုံးနှင့် ဒက္ခိဏသီရိမြို့နယ်စီမံကိန်း ဦးစီးရုံးတို့တွင် တာဝန်ထမ်းဆောင်နေသည့် ဝန်ထမ်းများနှင့်တွေ့ဆုံပြီး ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် မြို့နယ်စီမံကိန်း လျာထားချက်များ ပြည့်မီစွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် သက်ဆိုင်ရာဌာနအသီးသီးနှင့် ပေါင်းစပ်ညှိနှိုင်း၍ ကြိုးပမ်းဆောင်ရွက်ကြရန်၊ စီမံကိန်းများ အကောင်အထည်ဖော်မှုများအပေါ် စနစ်တကျ သုံးသပ်ဆောင်ရွက်သွားရန်နှင့် စာရင်းဇယားများ ပြည့်စုံမှန်ကန်ရေးကို အလေးပေးဆောင်ရွက်ရန်၊ လာမည့် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်အတွက် မြို့နယ်စီမံကိန်းရေးဆွဲဆောင်ရွက်ရာတွင် နိုင်ငံတော်မှ အဓိကဆောင်ရွက်နေသည့် စိုက်ပျိုးရေး နှင့် မွေးမြူရေးလုပ်ငန်းများကို စီမံကိန်းလျာထားချက်များတွင် စနစ်တကျထည့်သွင်းနိုင်ရေး စိစစ်ဆောင်ရွက်သွားရန်၊ စာရင်းအင်းအချက်အလက်များနှင့် ကိန်းဂဏန်းအချက်အလက်များ ခိုင်မာမှုကို စိစစ်ဆောင်ရွက်သွားရန်၊ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ပေးရန်၊ နိုင်ငံ့ဘဏ္ဍာငွေကို စနစ်တကျသုံးစွဲရန်နှင့် နိုင်ငံ့ဝန်ထမ်းကျင့်ဝတ်များနှင့်အညီ ပြုမူနေထိုင်သွားရန် လမ်းညွှန်မှာကြားပြီး ရုံးများဥပဓိရုပ် ကောင်းမွန်စေရေးနှင့် ဝန်ထမ်းများ၏ လိုအပ်ချက်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။
သတင်းစဉ်