နေပြည်တော်၊ ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ (၁၈) ရက်
မြန်မာနိုင်ငံ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ စာရင်းကောက်ယူရေးလုပ်ငန်းကော်မတီ၏ ပဉ္စမအကြိမ်အစည်းအဝေးကို ယနေ့နံနက် ၁၀:၀၀ နာရီအချိန်တွင် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ရုံးအမှတ် (၃၂) အစည်းအဝေးခန်းမ၌ Zoom Meeting ဖြင့် ကျင်းပရာ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ စာရင်းကောက်ယူရေးလုပ်ငန်းကော်မတီ ဥက္ကဋ္ဌ၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါ်သန်းသန်းလင်း၊ စာရင်းကောက်ယူရေး လုပ်ငန်းကော်မတီဝင်များ၊ တိုင်းဒေသကြီးနှင့်ပြည်နယ်စာရင်းကောက်ယူရေးလုပ်ငန်းကော်မတီမှ ကိုယ်စားလှယ်များနှင့်တာဝန်ရှိသူများတက်ရောက်ကြသည်။
အစည်းအဝေးတွင် ဒုတိယဝန်ကြီးက မြန်မာနိုင်ငံ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အမျိုးသားကော်မတီ၏ စတုတ္ထအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ဆုံးဖြတ်ချက်များအပေါ် စာရင်းကောက်ယူရေးလုပ်ငန်းကော်မတီနှင့်သက်ဆိုင်သည့် တိုင်းဒေသကြီး/ပြည်နယ်(၉) ခုတွင် ကလေးလုပ်သားဆိုင်ရာစစ်တမ်းကို ကောက်ယူ၍ စစ်တမ်းအစီရင်ခံစာများကို အမျိုးသားကော်မတီသို့ တင်ပြပြီးစီးမှု၊ ၂၀၂၁-၂၀၂၂ ခု၊ ဘဏ္ဍာနှစ် (Mini Budget)တွင် တိုင်းဒေသကြီး/ ပြည်နယ်များ၌ ကလေးလုပ်သားဆိုင်ရာစစ်တမ်း ကောက်ယူနေမှုနှင့် ၂၀၂၂ ခုနှစ်၊ မတ်လတွင် အမျိုးသားကော်မတီသို့ စစ်တမ်းအစီရင်ခံစာတင်ပြနိုင်ရေး ဆောင်ရွက်နေမှုအခြေအနေများကို ရှင်းလင်းဆွေးနွေးပြီး ၂၀၂၂-၂၀၂၃ ခု၊ ဘဏ္ဍာနှစ်တွင် စစ်တမ်းကောက်ယူရန် ကျန်ရှိနေသည့် တိုင်းဒေသကြီး/ပြည်နယ်များအနေဖြင့် လုပ်ငန်းအချိန်ဇယားရေးဆွဲ၍ နေပြည်တော်ရှိ စာရင်းကောက်ယူရေးလုပ်ငန်းကော်မတီသို့ ပေးပို့တင်ပြကြရန်နှင့် တိုင်းဒေသကြီး/ပြည်နယ်များက စစ်တမ်းကောက်ယူရေးလုပ်ငန်းများဆောင်ရွက်ရာတွင် လုပ်ငန်းကော်မတီအဖွဲ့ဝင်များအနေဖြင့် ပူးပေါင်းဆောင်ရွက်ပေးကြရန် တိုက်တွန်းပြောကြားသည်။
ထို့နောက် လုပ်ငန်းကော်မတီအတွင်းရေးမှူး၊ ဗဟိုစာရင်းအင်းအဖွဲ့၊ ညွှန်ကြားရေးမှူးချုပ်က စစ်တမ်းကောက်ယူရေးလုပ်ငန်းဆောင်ရွက်နေမှုအခြေအနေ၊ ကောက်ယူခဲ့သောလုပ်ငန်း အမျိုးအစားများနှင့် ရှေ့ဆက်ဆောင်ရွက်မည့်ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြပြီး သက်ဆိုင်ရာတိုင်းဒေသကြီးနှင့် ပြည်နယ်စာရင်းကောက်ယူရေးလုပ်ငန်းကော်မတီအဖွဲ့ဝင်များက စစ်တမ်းကောက်ယူရေးလုပ်ငန်းဆောင်ရွက်မှုနှင့်ပတ်သက်၍ ဆွေးနွေးတင်ပြပါသည်။