နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ စီမံခန့်ခွဲမှုကော်မတီ၏ (၂/၂၀၂၃) ကြိမ်မြောက် အစည်းအဝေးကို ယနေ့၊ မွန်းလွဲ (၁၄:၀၀) နာရီတွင် နေပြည်တော်ရှိ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် ကော်မတီဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးချုပ်နှင့် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်က နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ ကျပ် (၄၀၀) ဘီလီယံမှ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနသို့ ကျပ် ၂၃၀ ဘီလီယံ၊ ကယားပြည်နယ်၊ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့သို့ ကျပ် ၁၀ ဘီလီယံစီ၊ ကချင်ပြည်နယ်၊ ကရင် ပြည်နယ်၊ တနင်္သာရီတိုင်းဒေသကြီး၊ မွန်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့သို့ ကျပ် ၈ ဘီလီယံစီနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ (၆) ခု တို့သို့ ကျပ် ၅ ဘီလီယံစီဖြင့် စုစုပေါင်း ရန်ပုံငွေ ကျပ် ဘီလီယံ ၃၃၀ ကို မတည် ထောက်ပံ့ငွေ ပေးအပ် ခဲ့ပြီးဖြစ်ကြောင်း၊
လွန်ခဲ့သည့် (၂) လတာကာလအတွင်း တိုင်းဒေသကြီ/ပြည်နယ်များနှင့် ကိုယ်ပိုင်အုပ်ချုပ် ခွင့်ရ တိုင်း/ဒေသများတွင် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများသို့ ကော်မတီ၏ သက်ဆိုင်ရာတာဝန်ရှိသူများက သွားရောက်စစ်ဆေးကြီးကြပ်ပေး ခဲ့ကြောင်း၊
ယခုအခါ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ၏ လက်ကျန်ငွေ ကျပ် (၇၀) ဘီလီယံမှ ဆီစက် လုပ်ငန်းများဖွံ့ဖြိုးရေးချေးငွေရန်ပုံငွေထူထောင်နိုင်ရေးအတွက် ကျပ် (၅၀) ဘီလီယံနှင့် မွေးမြူ ရေးလုပ်ငန်းဆောင်ရွက်နိုင်ရေးအတွက် ကျပ် (၂၀) ဘီလီယံ သတ်မှတ်ပေးထားကြောင်း၊ ထို့ပြင် ချေးငွေထပ်မံလိုအပ်သည့် လုပ်ငန်းများသို့ တိုးမြှင့်ထုတ်ချေးနိုင်ရေးအတွက် ရန်ပုံငွေတိုးမြှင့်ရရှိ နိုင်မည့်နည်းလမ်းများကိုလည်း ရှာဖွေဖော်ထုတ်လျက်ရှိကြောင်း၊
နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေများအား စိုက်ပျိုးမွေးမြူရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးနှင့် ဒေသအလိုက် စီးပွားဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် အဓိကသုံးစွဲစေလိုခြင်းဖြစ်ရာ သက်ဆိုင်ရာ တာဝန်ရှိသူများအနေဖြင့် ရန်ပုံငွေအား လုပ်ထုံးလုပ်နည်းနှင့်အညီ စနစ်တကျထုတ်ပေးခြင်း၊ ပြန်လည်ကောက်ခံခြင်းတို့ကို ကြပ်မတ်ဆောင်ရွက်ကြရန်ဖြစ်ကြောင်း၊
နိုင်ငံတော်အနေဖြင့် နိုင်ငံ့စီးပွားတိုးမြင့်လာရေးကို ဘက်ပေါင်းစုံမှ ထောက်ပံ့ကူညီပေး လျက်ရှိရာ သက်ဆိုင်ရာတာဝန်ရှိသူအဆင့်ဆင့်က ရန်ပုံငွေမှထုတ်ပေးထားသည့် အရင်း မပျောက်မတည်ငွေများကို မပျောက်ပျက်စေဘဲ တိုးပွားလာစေရန်နှင့် အကျိုးရှိစွာ စနစ်တကျ အသုံးချနိုင်ရေးအတွက် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ပေးကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ စီမံခန့်ခွဲမှုကော်မတီဝင်များဖြစ်ကြသော ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်၊ ဦးလှမိုး၊ ဒေါက်တာ ချာလီသန်း၊ ဦးအောင်နိုင်ဦး၊ ဒုတိယဝန်ကြီးများနှင့် ကော်မတီအဖွဲ့ဝင်များက သက်ဆိုင်ရာကဏ္ဍအလိုက် တွေ့ရှိချက်၊ လိုအပ်ချက် များကို ဝိုင်းဝန်းအကြံပြုဆွေးနွေးကြရာ ကော်မတီဥက္ကဌက ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ ကြောင်း သိရသည်။
သတင်းစဉ်