စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း မြန်မာနိုင်ငံငွေချေးသက်သေခံလက်မှတ်လုပ်ငန်းကြီးကြပ်ရေးကော်မရှင်၏ (၇/၂၀၂၃) ကြိမ်မြောက် ကော်မရှင်အစည်းအဝေးသို့တက်ရောက်

မြန်မာနိုင်ငံငွေချေးသက်သေခံလက်မှတ်လုပ်ငန်းကြီးကြပ်ရေးကော်မရှင်၏ (၇/၂၀၂၃) ကြိမ်မြောက် ကော်မရှင်အစည်းအဝေးကို ၂၀၂၃ ခုနှစ်၊ ဩဂုတ်လ ၁၁ ရက်နေ့ မွန်းလွဲ ၁:၀၀ တွင် ကော်မရှင်ရုံး၊ အစည်းအဝေးခန်းမ၌ကျင်းပရာ အစည်းအဝေးသို့ ငွေချေးသက်သေခံလက်မှတ်လုပ်ငန်းကြီးကြပ်ရေးကော်မရှင်ဥက္ကဋ္ဌ၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းတက်ရောက်အမှာစကားပြောကြားသည်။

ကော်မရှင်ဥက္ကဋ္ဌ ဒုတိယဝန်ကြီးက နိုင်ငံတော်အနေဖြင့် နိုင်ငံ့စီးပွားမြှင့်တင်ရေးဆောင်ရွက်လျက်ရှိရာ မကြာသေးမီကချမှတ်ခဲ့သည့် စီးပွားရေးဦးတည်ချက် (၃) ရပ်အနက် ဒုတိယအချက်ဖြစ်သည့် အသေးစား၊အငယ်စား၊အလတ်စားစီးပွားရေးလုပ်ငန်း (MSME) များကို ရေရှည်အာမခံချက်ရှိအောင် အားပေးကူညီဖို့လိုကြောင်း၊ ထို့အပြင် အမိန့်ကြော်ငြာစာ၊ စည်းမျဉ်း၊ လုပ်ထုံးလုပ်နည်း၊ အမိန့်ညွှန်ကြားချက်များအား ထုတ်ပြန်ပြီးပါက လိုက်နာမှုရှိမရှိကြီးကြပ်ဖို့လိုကြောင်း၊ ရန်ကုန်စတော့အိပ်ချိန်းနှင့် စာရင်းဝင်ကုမ္ပဏီများကိုလည်း အမြဲမပြတ်စောင့်ကြည့်ရန်လိုကြောင်း၊ ငွေတိုက်လက်မှတ်များ၊ ငွေတိုက်စာချုပ်များရောင်းဝယ်မှုအား နောင်အနာဂတ်တွင် ပိုမိုတိုးတက်ဆောင်ရွက်သွားရန်လိုကြောင်း၊ မြန်မာနိုင်ငံ၏အခြေအနေနှင့် နိုင်ငံတကာအခြေအနေကိုသုတေသနပြုလုပ်ပြီး နိုင်ငံတကာ Stock Exchange များ၊ နိုင်ငံတကာ Capital Market များ၏ ပြောင်းလဲလှုပ်ရှားမှုများကိုလေ့လာပြီး ACMF နှင့် အခြားဆက်စပ်မှုများကိုလည်း မျက်ခြည်မပြတ်ဆောင်ရွက်ပေးဖို့ဖြစ်ပါကြောင်းစသည်ဖြင့် ဆွေးနွေးမှာကြားခဲ့ပါသည်။

အစည်းအဝေးသို့ ငွေချေးသက်သေခံလက်မှတ်လုပ်ငန်းကြီးကြပ်ရေးကော်မရှင်အတွင်းရေးမှူး၊ ကော်မရှင်အဖွဲ့ဝင်များ၊ ကော်မရှင်ရုံးမှတာဝန်ရှိသူများတက်ရောက်ခဲ့ကြပြီး အစည်းအဝေးကိုမွန်းလွဲ ၁၄:၄၅ နာရီတွင်ရုပ်သိမ်းခဲ့ပါသည်။