၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၁၅ ရက်နေ့တွင် ကျင်းပပြုလုပ်သော စီမံကိန်းရေးဆွဲရေးဦးစီးဌာန၏ လူငယ်အသိပညာဖလှယ်ပွဲ (၄/၂၀၂၃)

,

စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ စီမံကိန်းရေးဆွဲရေးဦးစီးဌာနတွင် တာဝန်ထမ်းဆောင်နေသည့် လူငယ်ဝန်ထမ်းများ၏ လုပ်ငန်းဆောင်ရွက်မှုတွင် ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်ရေးအတွက် လူငယ်အသိပညာဖလှယ်ပွဲ ၄/၂၀၂၃ ကို လူမှုကွန်ရက်အသုံးပြုခြင်း၏အကျိုးအပြစ်များ ခေါင်းစဉ်ဖြင့် ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၁၅ ရက်နေ့၊ မွန်းလွဲ ၁၅:၀၀ နာရီတွင် ဤဦးစီးဌာန၊ သင်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့ပြီး ဦးစီးကော်မတီဝင်များနှင့် အသက် ၃၅ နှစ်အောက် လူငယ်ဝန်ထမ်း (၅၀) ဦး ပါဝင်တက်ရောက်ခဲ့ပါသည်။

လူငယ်အသိပညာဖလှယ်ပွဲတွင် မြန်မာနိုင်ငံ၌ လူမှုကွန်ရက်ကို ကျယ်ပြန့်စွာ သုံးစွဲခဲ့သည့် ကာလသမိုင်းကြောင်း၊ ယနေ့ခေတ်၌ လူမှုကွန်ရက်ကို တွင်ကျယ်စွာ အသုံးပြုလာသည့် အခြေအနေများ၊ လူမှုကွန်ရက်အသုံးပြုခြင်းကြောင့် ရရှိလာသော ကောင်းကျိုးများဖြစ်သည့် လူမှုကွန်ရက်အသုံးပြု၍ မိမိတို့သင်ယူလိုသည့်ပညာရပ်များ၊ သိလိုသည့်အကြောင်းအရာများ စသည်တို့ကို အချိန်တိုအတွင်း ငွေကြေးသက်သာစွာဖြင့် လွယ်ကူစွာ လေ့လာသိရှိသင်ယူနိုင်မှုများ၊ လူမှုကွန်ရက်ကို စနစ်တကျအသုံးပြုပါက ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး၊ လူမှုရေးဆိုင်ရာ အကျိုးကျေးဇူး ဗဟုသုတများရရှိနိုင်မှုများ၊ ကောင်းကျိုးများနည်းတူ ဆိုးကျိုးများဖြစ်သည့် သတင်းမှား သတင်းတုများကြောင့် ပြည်သူများအကြား အထင်အမြင်လွဲမှားမှု၊ လုပ်ငန်းခွင်အတွင်း ထိခိုက်နိုင်မှု၊ အလွန်အကျွံ အသုံးပြုပါက မိမိကျန်းမာရေးကိုပါ ထိခိုက်နိုင်မှု စသည်တို့ကို လူငယ် ဝန်ထမ်း(၅)ဦးမှ ဦးဆောင်၍ အသိပညာဖလှယ်ခဲ့ကြပြီး တက်ရောက်လာသည့် လူငယ်ဝန်ထမ်းများက သိလိုသည်များကို ဆွေးနွေးမေးမြန်းခဲ့ကာ လူငယ်အသိပညာဖလှယ်ပွဲကို ၁၆:၃၀ နာရီတွင် ရုပ်သိမ်းခဲ့ပါသည်။