မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲနှင့် ဝန်ထမ်းများ ပျော်ပွဲရွှင်ပွဲ ကျင်းပ

နေပြည်တော် ၊ ဇန်နဝါရီ ၃၁ 

စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲနှင့် ဝန်ထမ်းများ ပျော်ပွဲ ရွှင်ပွဲကို ယမန်နေ့၊ မွန်းလွဲပိုင်းတွင် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ရုံးအမှတ် (၂၆) ၌ ကျင်းပ ပြုလုပ်ရာ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်နှင့် ဒုတိယဝန်ကြီး များဖြစ်ကြသော ဦးမောင်မောင်ဝင်းနှင့် ဒေါ်သန်းသန်းလင်း၊ ဌာနအကြီးအကဲများနှင့် အရာထမ်း၊ အမှုထမ်းများ စုံညီစွာတက်ရောက်ခဲ့ကြပြီး ပျော်ရွှင်စွာပါဝင်ဆင်နွဲခဲ့ကြပါသည်။

ထမနဲထိုးပြိုင်ပွဲကို ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ်-၁၉ ရောဂါ ဆိုင်ရာ စည်းကမ်းသတ်မှတ်ချက်များနှင့်အညီ ကျင်းပပြုလုပ်ခဲ့ပြီး ပြည်ထောင်စုဝန်ကြီးရုံးနှင့် ဝန်ကြီးဌာနအောက်ရှိဌာနများမှ စုစုပေါင်း (၁၄) သင်း ပါဝင်ယှဉ်ပြိုင်ကြရာ ပြည်တွင်းအခွန်များ ဦးစီးဌာနက ပထမ၊ ဗဟိုစက်ပစ္စည်းစာရင်းအင်းနှင့်စစ်ဆေးရေးဦးစီးဌာနက ဒုတိယ၊ မြန်မာ့နိုင်ငံ ခြားကုန်သွယ်မှုဘဏ်နှင့်ငွေတိုက်ဦးစီးဌာနတို့က တတိယ၊ လုံခြုံရေးနှင့်ဆိုင်သောပုံနှိပ်လုပ်ငန်း များညွှန်ကြားရေးမှူးရုံက စတုတ္ထ၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်နှင့်မြန်မာ့အာမခံလုပ်ငန်းတို့ က ပဥ္စမဆုနှင့် ကျန်အသင်းများက နှစ်သိမ့်ဆုများ အသီးသီးရရှိကြပါသည်။

ဆက်လက်၍ ဝန်ထမ်းများ၏ပျှော်ပွဲရွှင်ပွဲအဖြစ် ကြိုက်နှစ်သက်ရာ တေးသီချင်းများ သီဆို ပြိုင်ပွဲကျင်းပရာ ပြည်ထောင်စုဝန်ကြီးရုံးနှင့် ဝန်ကြီးဌာနအောက်ရှိ ဌာနများမှ ဝန်ထမ်း (၂၀) ဦးတို့ ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးများနှင့် ဌာနအကြီးအကဲများက ဆုများ ချီးမြှင့်ပေးအပ်ခဲ့ပါသည်။

 ယခုနှစ် ထမနဲထိုးပြိုင်ပွဲမှာ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၏ (၇) ကြိမ်မြောက် ကျင်းပပြုလုပ်သော ပြိုင်ပွဲဖြစ်ကြောင်းသိရသည်။ 
(သတင်းစဉ်)